နွေဦးထီကို စစ်ကောင်စီ အွန်လိုင်းထီ ဆုအရေအတွက်ထက် ပိုရောင်းသွားမယ်

ဖေဖော်ဝါရီ၊ ၂၀
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နွေဦးထီအနေနဲ့ စစ်ကောင်စီ အောင်ဘာလေ အွန်လိုင်းထီက ပေးတဲ့ဆုအရေအတွက်ထက် ပိုတိုးကာ ဖွင့်လှစ်ရောင်းချသွားမယ်လို့ အဲဒီထီစီစဉ်တဲ့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
 
မကြာခင်ပြန်လည်ဖွင့်လှစ်မယ့် နွေဦးထီမှာ အမြင့်ဆုံးဆုကို အရင်က ကျပ်သိန်း တရာအစား ကျပ်သိန်း ငါးထောင်ဆုအဖြစ် တိုးမြှင့်ပေးထားပြီး ဆုကြီးတွေအနေနဲ့ ကျပ်သိန်း နှစ်ထောင်၊ ကျပ်သိန်း တထောင်၊ ကျပ်သိန်းငါးရာ ဆုတွေပါ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ဂုဏ်ပြုဆုအနေနဲ့ ကျပ်သိန်း တရာ၊ ကျပ်သိန်း ငါးဆယ်နဲ့ ကျပ်သိန်း နှစ်ဆယ်ဆုတွေ ပါဝင်လာသလို ပျော်ရွှင်စရာဆုအဖြစ် ဂဏန်းလေးလုံးတူ ကျပ် တသိန်းဆု၊ ဂဏန်သုံးလုံးတူကျပ် သုံးသောင်းဆုနဲ့ ဂဏန်းနှစ်လုံးတူ ကျပ် ငါးထောင် ဆုတွေလည်း ထည့်သွင်းထားပါတယ်။
 
ဂဏန်း နှစ်လုံးတူကျပ် ငါးထောင်ဆုအရေအတွက်က နှစ်သောင်း ဖြစ်တာကြောင့် နွေဦးထီက လစဉ်ဖွင့်လှစ်ပေးမယ့် ဆုအရေအတွက်ဟာ နှစ်သောင်းကျော် ရှိလာမှာ ဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်။
 
“နွေဦးထီဆုက စကစ အွန်လိုင်းထီထက် အများကြီးသာသွားတယ်။ လူထုရဲ့စိတ်ဝင်စားမှု အများကြီးရနိူင်တယ်။ အောင်ဘာလေ အွန်လိုင်းထီက စျေးကွက်ထဲ အလုပ်မဖြစ်ဘူး” လို့ ဝါရင့် ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ အောင်ဘာလေ အွန်လိုင်းထီအနေနဲ့လည်း အမြင့်ဆုံးဆုကို ကျပ်သိန်း ငါးရာသတ်မှတ်ပေးထားပြီး တခြားဆုကြီးတွေက ကျပ်သိန်း နှစ်ရာ၊ ကျပ်သိန်း တရာ၊ ကျပ်သိန်း ငါးဆယ်၊ ကျပ်သိန်း နှစ်ဆယ်နဲ့ ကျပ်ဆယ်သိန်း ဆုတွေ ထည့်သွင်းထားပါတယ်။
 
အနည်းဆုံးဆုက ကျပ်တသောင်းဆုဖြစ်ပြီး စုစုပေါင်းပေးမယ့်ဆုအရေအတွက် ကိုးထောင်ကျော်ပဲ ရှိတာဖြစ်လို့ နွေဦးထီကပေးမယ့် ဆုအရေအတွက်ရဲ့ တဝက်ကျော် လျော့နည်းတာ တွေ့ရပါတယ်။
 
NUG အစိုးရရဲ့နွေဦးထီကို ၂၀၂၁ ခုနှစ်သြဂုတ်လကတည်းက အွန်လိုင်းထီအနေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်ဇန်နဝါရီလမှာ ပုံစံအသစ်၊ အစီအစဉ်အသစ်တွေ ဖော်ဆောင်ဖို့ ရှိတာကြောင့်ဆိုပြီး ရပ်နားခဲ့ရာက အခုပြန်လည်ဖွင့်လှစ်မယ့် အစီစဉ်တွေကို ထုတ်ပြန်အသိပေးလာတာလည်း ဖြစ်ပါတယ်။
 
ကနဦးအနေနဲ့ ဖွင့်လှစ်ပေးထားတဲ့ ဆုတန်ဖိုးနဲ့ ဆုအရေအတွက်တွေကို ထုတ်ပြန်တာဖြစ်ပြီး ထီထိုးရမယ့် နည်းလမ်းနဲ့ ရောင်းချမယ့် အစီအစဉ်တွေကို ရက်ပိုင်းအတွင်း ထပ်မံအသိပေးသွားမယ်လို့ နွေဦးထီစီစဉ်သူတွေက ဆိုပါတယ်။
 
နွေဦးထီကို အရင်အတိုင်း တစောင်ကို ကျပ်နှစ်ထောင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ထီနံပါတ် ၁,၀၀၀,ဝဝဝ ကနေ ၂,၉၉၉,၉၉၉ ကြား စိတ်ကြိုက်နံပါတ်ရွေးခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
နွေဦးထီအနေနဲ့ အရင်က ရရှိတဲ့ အကျိုးအမြတ်ကို CDM ဝန်ထမ်းတွေကို ထောက်ပံ့မှု ပေးခဲ့ပြီး ထီကံထူးသူတချို့က ဆုငွေထုတ်မယူပဲ ပြန်လှူဒါန်းတာတွေ ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
 
ဓာတ်ပုံ – အောင်လံလွှင့်ချီ နွေဦးထီ