မောင်တောမြို့နယ် ပဲရွန်းတောင် စစ်ကောင်စီတပ်စခန်းကို AA နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်

ဖေဖော်ဝါရီ၊​၂၀
 
မောင်တောမြို့နယ်၊ ပဲရွန်းတောင် (ပဲရမ်းတောင်) စစ်ကောင်စီတပ် စခန်းကို ရက္ခိုင့်တပ်တော် (AA)က ဖေဖော်ဝါရီ လ (၁၉) ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
 
လက်နက်ချ အညံ့မခံတဲ့ စခန်းတစ်ခုဖြစ်တဲ့ ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီ စခန်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားတာပါ။ ကိုးနာရီအကြာ ထိုးစစ်အပြီး ညနေ (၄) နာရီ ခွဲလောက်မှာတော့ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီစခန်းမှာ စစ်ကောင်စီ အင်အားဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရပါဘူး။
 
တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းမှ ဂျက်တိုက်လေယာဉ်နဲ့ (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း AAက ဆိုပါတယ်။
 
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း (၁၀) လောင်းကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကာ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသူ​တွေကို လိုက်လံရှင်းလင်းနေတယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း ယခုထက်ထိ အညံ့မခံသော စစ်ကောင်စီ စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
 
AAက မောင်တောတောင်ပိုင်းရှိ စစ်ကောင်စီရဲ့ အလယ်သံကျော်နယ်မြေစခန်း၊ နှုရှ်လာစခန်း၊ ဂေါ်ဒူသာရစခန်း၊ ဗောဓိကုန်းစခန်း များကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကသိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် တောင်ပြိုလက်ဝဲနဲ့ လက်ယာဗျူဟာစခန်းတွေကိုလည်း ဒီလဆန်းပိုင်းမှာ သိမ်းပိုက်ထားတာပါ။
 
နိုဝင်ဘာလက စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲ သုံးလတာအတွင်းမှာ AAက ရခိုင်ပြည်နယ်နဲ့ ချင်းတောင်ပိုင်းက မြို့နယ် ၆ ခုအပြင် စစ်ကောင်စီရဲ့တပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။
 
“စစ်ရေးကတော့ အခုကမြောက်ပိုင်း အလယ်ပိုင်းအပြင် တောင်ပိုင်းကိုပါ ဦးတည်နေတာပေါ့။ ဟို(စစ်ကောင်စီ)ဖက်ကတော့ လေကြောင်းလောက်ပဲ ကျန်တော့တာ စခန်းတွေက ပိတ်မိနေပြီ” လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
ဓာတ်ပုံ​ – AA Info Desk