ထိုင်းဗီဇာကို အွန်လိုင်းကနေလည်း လျှောက်ထားခွင့်ပြု

ဖေဖော်ဝါရီ၊ ၂၀
 
ထိုင်းနိုင်ငံကို သွားရောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာလျှောက်ထားတာကို ကိုယ်တိုင်တန်းစီတာအပြင် အွန်လိုင်းကနေလည်း လျှောက်ထားနိုင်ပြီလို့ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၂၀ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
 
မြန်မာနိူင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးကြောင်း ကြေညာလိုက်ပြီးနောက် လူငယ်တွေအနေနဲ့ ထိုင်းနိူင်ငံကို သွားရောက်ဖို့ ပြင်ဆင်လာကြတာဖြစ်ပြီး နှစ်လဗီဇာရရှိဖို့အတွက် ထိုင်းသံရုံးရှေ့မှာ တန်းစီစောင့်ဆိုင်းသူများစွာ ရှိလာဖြစ်ပါတယ်။
 
ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူအ ရေအတွက်များပြားနေသောကြောင့် ဗီဇာလျှောက်ထားရာတွင် ရက်ချိန်းယူတာနဲ့ပတ်သက်လို့ နည်းလမ်းနှစ်မျိုးနဲ့ ဆောင်ရွက်ခွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
 
“အွန်လိုင်းက ရက်ချိန်းလျှောက်ခွင့်ပေးလိုက်တော့ တန်းစီစောင့်သူတွေ နည်းသွားဖို့ရှိတယ်။ ကိုယ်လိုချင်တဲ့ရက် ရွေးလို့ရတာလည်း ကောင်းတယ်။ ပေးမယ့်လူအရေအတွက်ကတော့ အတူတူပဲ” လို့ ထိုင်းဗီဇာလျှောက်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။
 
ထိုင်းဗီဇာလျှောက်ထားတာတွေ များပြားနေတဲ့အတွက် တရက်ကို လူလေးရာသာ လက်ခံမယ်လို့ ထုတ်ပြန်ထားပြီး အခုလို အွန်လိုင်းက နှစ်ရာနဲ့ လူကိုယ်တိုင်နှစ်ရာလျှောက်ထားဖို့ ထပ်မံပြင်ဆင်တာလည်း ဖြစ်ပါတယ်။
 
ဗီဇာရက်ချိန်းလျှောက်ထားလိုသူတွေအနေနဲ့ https://thaiconsularyyangon.com/visa/ သို့မဟုတ် QR Code သို့ဝင်ရောက်ပြီး ရက်ချိန်းကို ဒီနေ့ (ဖေဖော်ဝါရီ ၂၀)က စကာ အွန်လိုင်းကတဆင့် ရယူနိုင်တယ်လို့ ထိုင်းသံရုံးရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
သံရုံးအနေနဲ့ ဖေဖော်ဝါရီလ (၂၂)ရက်က စတင်ပြီး အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းကို တရက်လျှင် တိုကင်နံပါတ်နှစ်ရာနှုန်းနဲ့ ရက်သုံးဆယ် ကြိုတင်ရက်ချိန်းရယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
 
ဖေဖော်ဝါရီလ (၂၃) ရက်မှာ ဗီဇာရက်ချိန်းဝင်ရောက် ရယူလိုသူတွေအနေနဲ့ အဲဒီနေ့ကစပြီး မတ်လ (၂၂)ရက်အထိ ရက်ချိန်းရွေးခွင့်ရှိတယ်လို့ ဆိုပါတယ်။
 
အွန်းလိုင်းမှတဆင့် ဗီဇာရက်ချိန်း ရယူထားသူတွေအနေနဲ့ အီးမေးလ်နဲ့ ဗီဇာရက်ချိန်း ရရှိထားသောပုံ သို့မဟုတ် အီးမေးလ်မှတဆင့်ပေးပို့သော ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်မယ့်ရက်မှာ တာဝန်ရှိသူတွေ စစ်ဆေးနိုင်ဖို့အတွက် ယူဆောင်လာရမယ်လို့ အသိပေးထားပါတယ်။
 
သံရုံးရှေ့မှာ ကိုယ်တိုင် ဗီဇာရက်ချိန်း ရယူသူတွေကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၂)နာရီမှာ ထိုင်းဗီဇာလျှောက်ထားဖို့ တိုကင်နံပါတ်များကို ဖေဖော်ဝါရီလ (၂၂)ရက်နဲ့ ဖေဖော်ဝါရီလ (၂၃)ရက်အတွက် တရက်လျှင် တိုကင်နံပတ် နှစ်ရာနှုန်း ပေးဝေသွားမယ်လို့လည်း ဆိုပါတယ်။
 
တာဝန်ရှိသူတွေက ပတ်စပို့စ်နဲ့ သေချာစစ်ဆေးပြီး မှန်ကန်မှ ဗီဇာလျှောက်မယ့်လူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်းရေးမှတ်မှာဖြစ်လို့ တိုကင်နံပတ်ကို တခြားသူဆီ လွှဲပြောင်းခွင့် မပြုလုပ်ဖို့ကို သတိပေးထားပါတယ်။
 
တိုကင်နံပါတ်တစ်ခုဟာ လျှောက်ထားမယ့်လူတစ်ဦးအတွက်ပဲ အကျုံးဝင်ပြီး တိုကင်နံပါတ်ကို အလွဲသုံးစားလုပ်တာ၊ တိုကင်အတုပြုလုပ်တာကိုတွေ့ရှိရင် ဗီဇာလျှောက်ထားခွင့်ပိတ်ပြီး Blacklist စာရင်းသွင်းမယ်လို့လည်း သတိပေးထားပါတယ်။
 
ဖေဖော်ဝါရီလ (၂၆) ရက်နေ့ကစပြီး သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းယူတဲ့ ပမာဏကိုရေတွက်ပြီး အွန်လိုင်းမှတဆင့် ဗီဇာရယူခြင်း VABO စနစ် တစ်ခုတည်း ပြောင်းလဲသတ်မှတ်နိုင်ခြေ ရှိ၊ မရှိကို သံရုံးကထပ်မံအသိပေးမယ်လို့ ဖော်ပြထားပါတယ်။
 
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိူင်ငံဆီမြန်မာနိုင်ငံသားတွေ တရားဝင်ဝင်ရောက်မှုတွေ များနိူင်တာကြောင့် ထိုင်းအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ အဲဒီနိုင်ငံသတင်းတွေက ဆိုပါတယ်။
 
ထိုင်းနိူင်ငံကို မြန်မာနိုင်ငံသားတွေ တရားဝင် လာရောက်မယ်ဆိုရင် ကြိုဆိုသွားမှာဖြစ်ပြီး တရားမဝင်ခိုးဝင်ရင် အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Mr Srettha က မနေ့ကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Social Media