ဖေဖော်ဝါရီ၊ ၂၀
ထိုင်းနိုင်ငံကို တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က သတိပေး ပြောကြားလိုက်ပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်တဲ့နောက် မြန်မာလူငယ် အမြောက်အမြားဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရရာနည်းလမ်းနဲ့ သွားရောက်ဖို့ ကြိုးစားနေချိန်မှာ ထိုင်းအစိုးရဖက်က အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
စစ်မှုမထမ်းချင်တဲ့ မြန်မာနိုင်ငံသား အများအပြားဟာ ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားမှုတွေ အရမ်းထူပြောလာတဲ့နောက် သူက အခုလို မှတ်ချက် ပေးခဲ့တာပါ။ မြန်မာစစ်တပ်ဟာ ဧပြီလကစပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ကြေညာထားပါတယ်။
တကယ်လို့ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံကို တရားဝင် ဝင်ရောက်လာမယ်ဆိုရင် ကြိုဆိုမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တရားမဝင်တဲ့ နည်းလမ်းတွေကို သုံးပြီး ရောက်လာတယ် ဆိုရင်တော့ သူတို့ကို ဥပဒေကြောင်းအရ အရေးယူမှာဖြစ်ကြောင်း၊ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လုံခြုံရေး အေဂျင်စီတွေနဲ့လည်း ဆွေးနွေးထားကြောင်း ဆရက်သာက ပြောပါတယ်။
ဝန်ကြီးချုပ်က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အခြေချသူတွေ အများအပြား ဝင်ရောက်လာခြင်းကြောင့် ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးနိုင်တယ်ဆိုတဲ့ စိုးရိမ် ကြောင့်ကြမှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲ လတ်တလော ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားတွေဟာ အလုပ်ရဖို့ထက် စစ်မှုထမ်း ဥပဒေကို ရှောင်ဖို့သာ အဓိက ရည်ရွယ်ထားသူတွေ ဖြစ်ကြောင်း ဆရက်သာက ထောက်ပြပါတယ်။
ဒါ့အပြင် ထိုင်းရဲ့ အလုပ်လက်မဲ့ အချိုးအစားဟာ ၁ ရာခိုင်နှုန်းအောက်သာ ရှိသလို နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မြှင့်တင်ဖို့ အိမ်နီးချင်း နိုင်ငံတွေတွေဆီက လုပ်သားရင်းမြစ်တွေကို လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း စစ်မှုထမ်း ဥပဒေကို ရှောင်တိမ်းရင်း ထိုင်းနိုင်ငံဖက်ခြမ်းကို တရားမဝင် လမ်းကြောင်းကနေ မြန်မာနိုင်ငံသားတွေ အမြောက်အမြား ဝင်ရောက်လာနိုင်တဲ့ အခြေအနေကိုလည်း ထည့်တွက်သင့်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးဟာ ဗီဇာ လျှောက်ထားမှုတွေ များလွန်းတာကြောင့် တစ်နေ့ကို လူအယောက် ၄၀၀ သာ ကန့်သတ် လက်ခံပြီး ဗီဇာ ထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေဟာ ပတ်စ်ပို့တ်ရှိရုံနဲ့ ဗီဇာမလျှောက်ဘဲ ထိုင်းကို ၁၄ ရက် အလည်အပတ် ခရီးစဉ် သွားရောက်နိုင်တယ်လို့လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။
အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့ပေမယ့် လက်တွေ့ မကျင့်သုံးခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင် အသက်သွင်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ မြန်မာနိုင်ငံက လူငယ် အများအပြားဟာ ပြည်ပကို ရွှေ့ပြောင်း ထွက်ခွာနိုင်ဖို့ အားထုတ်လာခဲ့ကြတာ ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ အခုဥပဒေကို အသက်သွင်းရခြင်းဟာ စစ်တပ် အနေနဲ့ အားကောင်းတဲ့ ခုခံစစ်ပွဲတွေရဲ့ ဒဏ်ကြောင့် အင်အား အကြီးအကျယ် ယုတ်လျော့လာပြီ ဆိုတာကို မြင်သာစေတဲ့ လုပ်ရပ်လို့ သုံးသပ်ထားကြပါတယ်။
Ref: Bangkok Post