ဘာသာရေး လူမျိုးရေးမှိုင်းက စစ်တပ်လော်ဘီတွေအတွက် နောက်ဆုံးကျည်ဆံဖြစ်လာ

ဖေဖော်ဝါရီ၊ ၁၉
 
ယမန်နှစ် အောက်တိုဘာ ၂၇ က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စခဲ့တဲ့ တအောင်းတပ် (TNLA)၊ ရက္ခိုင့်တပ် (AA)၊ ကိုးကန့်တပ် (MNDAA) ညီနောင်မဟာမိတ်သုံးဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနှက်ခဲ့ပါတယ်။
 
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ စစ်ရေးအတွက် အဓိကမြို့ လောက်ကိုင်မှာ ဗိုလ်မှူးချူပ်ကြီးများရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၃၀ နီးပါးနဲ့ ရာနှင့်ချီသော တပ်စခန်းငယ်များ ညီနောင်မဟာမိတ်လက်အောက် ကျရောက်ပြီး စစ်သားအများအပြား လက်နက်ချ အညံ့ခံကြတာဟာ တပ်မတော်အတွက် ဖျောက်ဖျက်မရတဲ့ သမိုင်းဝင် စစ်ရှုံးမှုကြီးတစ်ခုပါ။
 
သံလွင်မြစ်အရှေ့ခြမ်း ကိုးကန့်တိုင်းရင်းသားနယ်မြေတစ်ခွင်လုံး စစ်ကောင်စီ လက်လွတ်ဆုံးရှုံးလိုက်ရခြင်းအတွက် စစ်ခေါင်းဆောင်များနည်းတူ ကြိတ်မရခဲမရ ဖြစ်ခဲ့ကြတာကတော့ စစ်တပ်ကိုထောက်ခံတဲ့ လော်ဘီတယ်လီဂရမ်များ ဖြစ်ပါတယ်။
 
စောင့်ကြည့်သူ သန်းချီရှိနေတဲ့ ကျော်စွာ၊ ကိုသက်၊ ကပ္ပတိန်မှိုင်းဝေ တယ်လီဂရန်များအပြင် ချန်နယ် ၉၀ ကျော်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အမှတ်အသား နေဝန်းနီ ပရိုဖိုင်ကိုပင် ၎င်းတို့၏ ချန်နယ်များမှ ဖယ်ရှားပစ်သည်အထိ ဒေါသပေါက်ကွဲခဲ့ကြပါတယ်။
 
နှစ်လကျော်ကြာ တိုက်ပွဲများအပြီး စစ်ရှုံးလာတဲ့ စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင်မဟာမိတ်တွေကို တရုတ်နိုင်ငံအကူအညီနဲ့ သုံးကြိမ်မြောက်ဆွေးနွေးအပြီး အပစ်အခတ်ရပ်ဖို့ “ဟိုင်ဂင်သဘောတူညီချက်” စာချုပ် ချုပ်ဆိုနိုင်ခဲ့ပေမယ့် လော်ဘီများကတော့ ၎င်းတို့ရဲ့ တယ်လီဂရမ်မှာ ဘာသာရေး စစ်ပွဲကြီးဖြစ်ဖို့ မီးဆက်လက်မွှေးခဲ့ကြပါတယ်။
 
MNDAA တပ်သားတစ်ဦးက လောက်ကိုင်မြို့အနီး ဆင်ဦးကင်းတောင်ပေါ် က ဗုဒ္ဓသာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတစ်ဆူကို သံတူဖြင့် ထုခွဲခဲ့တဲ့ ရုပ်သံဖိုင်ဟာ မျိုးချစ်သံဃာတော်များ၊ မဘသ နဲ့ စစ်တပ်ထောက်ခံသူများ ကိုသွေးဆူစေခဲ့ပါတယ်။
 
နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များ အထိမ်းအမှတ်စေတီ၊ ဆင်းတုတော်တွေကို ဖျက်ဆီးနေကြပြီမို့ ဗမာပြည်သူတွေ လက်မနှေးကြတော့နဲ့လို့ လော်ဘီ ချန်နယ်တွေက စတင် လှုံ့ဆော်လာပါတယ်။
 
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် ဆန့်ကျင်တဲ့ ဒေသတော်လှန်ရေးတပ်တွေကို စစ်တပ်က မြေပြင် ဝေဟင် ဘက်ပေါင်းစုံကနေ ထိုးစစ်ချေမှုန်းရာမှာ ခရစ်ယာန်ဘာသာဝင်တွေ၊ ရိုမန်ကက်သလစ် ဘာာဝင်တွေရဲ့ ကိုးကွယ်ရာ ဘုရားကျောင်းတွေ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရှိခိုးကျောင်းတွေ၊ အထိမ်းအမှတ်ပစ္စည်းတွေကို မီးလောင်ပျက်ဆီးခဲ့စဉ်က စစ်တပ်လော်ဘီများဟာ ဘာသံမှမထွက်ဘဲ တိတ်ဆိတ်မှုနဲ့ ထောက်ခံအားပေးခဲ့ကြတာပါ။
 
ဘာသာရေး အထိအပါးမခံတဲ့ ဗမာလူမျိုးများအတွက် ဗုဒ္ဓဘာသာကို တိုင်းရင်းသားလက်နက်ကိုင်တွေက ဖျက်ဆီးနေပါတယ်ဆိုတဲ့ သတင်းစကားဟာ စစ်ကောင်စီကို မကျေမနပ်ဖြစ်နေကြတဲ့ ဗမာတွေကိုပါ သူတို့ဘက်သိမ်းသွင်းနိုင်ရေး အခွင့်ကောင်းအဖြစ် လော်ဘီတွေက ဆုပ်ကိုင် လှုံ့ဆော်လာကြတာ ဖြစ်ပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လော်ဘီတွေက ဖေ့စ်ဘွခ်မှာရော တယ်လီဂရမ်များမှာပါ နိုဝင်ဘာလကစပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ ပါတ်သက်တဲ့ လူမျိုးရေး ဘာသာရေး အမုန်းစကား ပြောဆိုမှု ၃၈ ရာခိုင်းနှုန်းအထိ တက်လာတယ်လို့ စစ်တပ်လော်ဘီချန်နယ်များကို စောင့်ကြည့်လေ့လာမှုတွေ လုပ်နေတဲ့ Beautifier of Diversity အဖွဲ့အစီရင်ခံစာက ဆိုပါတယ်။
 
“ဘာသာမဲ့ အကြမ်းဖက်သမားတွေက ဘုရားစေတီတွေကို ထုခွဲဖျက်ဆီး၊ ဌာပနာတွေကို ဖောက်ယူနေကြပြီ၊ ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်နေကြလဲ၊ ငါနဲ့မဆိုင် မတက်နိုင် မပြိုင်ခင်ရှုံး စိတ်နှလုံးကို ဒုန်းဒုန်းဒိုင်းချရှိချေက ဗုဒ္ဓမြတ်စွာသာသာနဲ့ လူမျိုးမြန်မာ ပျောက်ကွယ်ရာ၏၊ သာသနာဖျက်စစ်သွေးကြွ MNDAA ကို ရဟန်းရှင်လူတွေက ဆန့်ကျင်ကြပြီ၊ ကိုးကန့်ဒေသက MNDAA ဘာသာမဲ့ ကွန်မြူနစ်တွေက ဗုဒ္ဓဘာသာတို့ရဲ့ အသည်းနှလုံး စေတီ ဆင်းတုတော်တွေ ဖျက်ဆီးပြပြီး ခွေး ၃ ကောင်ရဲ့လှောင်ရယ်မောသံတွေက ကြက်သီးတဖြန်းဖြန်း ထမိတယ်၊ မြန်မာပြည်တွင်းက ကိုးကန့်ဘာသာဝင် ကျောင်းတွေကို တန်ပြန်ဖျက်ဆီးပစ်ကြ” ဟူသော ရေးသားမှုတွေကို လော်ဘီတယ်လီဂရမ်တွေက ဆက်တိုက်ဖြန့်ချိလာတာပါ။
 
ဘာသာသာသနာကို စော်ကားလာလို့ မဘသအဖွဲ့ အဓိပတိ သက်တော် ၈၆ နှစ်ရှိ ဇွဲကပင်ဆရာတော်ကြီးတောင် ရှေ့တန်းထွက်ဆန္ဒပြရပြီ၊ သာသနာဖျက် မိစ္ဆာဒိဌိတွေကို တိုက်ထုတ်ဖို့ မြန်မာနိုင်ငံ သံဃာအင်အား ၆ သိန်းကျော်မှာ ၂ သိန်းကျော်က တပ်မတော်နဲ့ ပူးပေါင်းပြီး စစ်တိုက်ဖို့ စစ်သင်တန်းတက်မယ်လို့ စာရင်းပေးထားကြပြီ၊ နိုင်ငံချစ်တဲ့ လူငယ်တွေလည်း သာသနာကို ကာကွယ်ဖို့ တပ်မတော်နဲ့ ပူးပေါင်းကြပါလို့ ​ လော်ဘီတွေက လှုံ့ဆော်လာတာပါ။
 
စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့ မြန်မာပြည်ရဲ့ မြို့ပေါင်း ၆၀ ကျော်မှာ မဘသများဦးဆောင်ပြီး သာသနာဖျက်အကြမ်းဖက် ကျရှုံးပါစေ၊ လူသတ်သောင်းကြမ်းသူများ ဆန့်ကျင်ကြ၊ ဒို့သာသာနာ ဒို့ဘာသာ ဒို့ယဉ်ကျေးမှု စော်ကားသူ ဒို့ရန်သူ၊ အကြမ်းဖက်အားပေး လောက်ကောင်များ အလိုမရှိ ဟူသော ကြွေးကြော်သံများနဲ့ လမ်းပေါ်ဆန္ဒပြလာကြပါတယ်။
 
အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့ လူထုရဲ့တောင်းဆို ဆန္ဒပြမှုကို ပြင်းထန်စွာ နှိမ်နင်းခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဟာ မဘသနဲ့ မျိုးချစ်ရဟန်းအဖွဲ့များက ဆန္ဒပြမှုကိုတော့ လုံခြုံရေးပေး ကာကွယ်ခဲ့ကြပါတယ်။
 
တပ်မတော်ဟာ စစ်ရှုံးတိုင်း လူထု၏ ထောက်ခံမှုကျဆင်းသည့်အခါတိုင်း သာသာရေးမှိုင်းနဲ့ လူထုကို ပြန်လည်စည်းရုံး သိမ်းသွင်းလေ့ ရှိကြတယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးမှုယန္တယား သမိုင်းကြောင်းကို လေ့လာနေတဲ့ Burma Civil War Museum-BCM က ကိုရဲဟိန်းအောင်က ထောက်ပြပါတယ်။
 
BCM ရဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁ရက်မှ ၁၆ရက်အတွင်း စစ်တပ်လော်ဘီတယ်လီဂရမ်များစောင့်ကြည့်ခြင်းအစီရင်ခံစာမှာ လော်ဘီတွေက “၁၀၂၇ စစ်ဆင်ရေးဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့များဟာ ပြည်သူအပေါ် ဆက်ကြေးကောက်၊ လုယက်သူများ၊ AA၊MNDAA၊TNLA တို့ကို ဘာသာမဲ့ မျောက်သုံးကောင်ဟု နှိမ့်ချအမည်တပ်ပြီး ဗုဒ္ဓဘာသာကို ဦးတည်တိုက်ခိုက်သူများအဖြစ် ပုံဖော်ဖြန့်ဝေထားတယ်” လို့ ဆိုပါတယ်။
 
ဒါဟာ မြန်မာပြည်တွင်းဗုဒ္ဓဘာသာကိုးကွယ်မှုများသော လူထုကို တိုင်းရင်းသားများနဲ့ ပဋိပက္ခဖြစ်စေဖို့ တော်လှန်ရေးအပေါ် လူထုထောက်ခံမှုကျစေရန် ရည်ရွယ်ပြီးဝါဒဖြန့်တာလို့ BCMကသုံးသပ်ထားပါတယ်၊
 
မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး စစ်တပ်ကို တိုက်ခိုက်တဲ့ အင်အားအကောင်းဆုံး ဗမာပြည်ကွန်မြူနစ်ပါတီ -ဗကပ အဖွဲ့ကိုလည်း ဒီလို ဘာသာရေး မှိုင်းနဲ့ ပြည်သူကို သွေးခွဲရန်တိုက်ပေးခဲ့တဲ့ သမိုင်းကြောင်းရှိတယ်လို့ BCMက ရှင်းပြပါတယ်၊
 
ကွန်မြူနစ် -ဗကပ ခေါင်းဆောင် သခင်သန်းထွန်းသာ အာဏာရရင် မြန်မာပြည် ဓမ္မန္တရာယ်ဖြစ်ပြီး အထင်ကရ ရွှေတိဂုံဘုရားမှ ရွှေတွေကို ခွာရောင်းပစ်မည်၊ စသဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေးများနဲ့ တိုက်ပွဲဝင်နေတဲ့ စစ်တပ်ကိုထောက်ခံမှုရအောင် ဝါဒဖြန့်ချိမှုလုပ်ခဲ့ကြဖူးပါတယ်၊
 
သမိုင်းမှာ တပ်မတော်သားများကပဲ ဘာသာ၊ သာသနာ မကွယ်ပျောက်အောင် အသက်ပေးကာကွယ်နေရပြီး ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးကြီးဝါဒ၊ ဗမာမှုပြုခြင်း၊ အရိုးစွဲနိုင်ငံခြားကြောက်ရောဂါများ စစ်တပ်မှာ အမြစ်တွယ် စိတ်ကြီးဝင်နေကြောင်း တပ်မတော်ကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေတဲ့ ‘ဉာဏ်လင်းသစ်’ အဖွဲ့က သုံးသပ်ထားပါတယ်။
 
စစ်သားတွေဟာ ဗုဒ္ဓရဲ့ စစ်သည်တော်များဖြစ်ပြီး လူမျိုး ဘာသာမတူတဲ့ မိစ္ဆာဒိဌိတွေကို သတ်ဖြတ်တာဟာ “ရဲဘော်မသေ သေသော်ငရဲမလား “ဟု လော်ဘီ တယ်လီဂရမ်များက မြှောက်ပင့်ရေးသားကြပါတယ်။
 
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရားဝင်ကြေညာရာမှာ အကြမ်းဖက်အဖွဲ့တွေဟာ ၂၀၂၃ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ဘုန်းကြီးကျောင်း စေတီပုထိုးများတွင် ခံစစ်ပြင်ဆင်ခြင်း၊ ကယားပြည်နယ် ပန်တိန်းရွာရှိ ကက်သလစ်ဘုရားကျောင်းအား KNPPက လက်နက်ကြီးဖြင့် ပစ်ခြင်း၊ MNDAAက ရှမ်းမြောက် မူဆယ်မြို့ရှိ ရပ်တော်မူဘုရား၊ မိဂဒါမဟာစေတီကို ဒရုန်းဗုံးချခြင်း၊ TNLAက နမ့်ခမ့်မြို့ ဘုန်းကြီးကျောင်းကို ပစ်ခတ်ခြင်း၊ AAအဖွဲ့က မြောက်ဦးမြို့ ယဉ်ကျေးမှုပြတိုက်နှင့် ရခိုင်လူမျိုးများ အထွတ်အမြတ် သမိုင်းဝင် ကျောက်တော် မဟာမုနိ ဘုရားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဖြန့်ဝေထားပါတယ်။
 
ဒီလိုလုပ်ရပ်တွေဟာ မြန်မာပြည်တွင်သာမက ဗုဒ္ဓဘာသာကိုးကွယ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေကိုပါ ထပ်မံစော်ကားလိုက်တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချိတ်ဆက်စွပ်စွဲပြောဆိုခဲ့ပါတယ်။
 
စစ်တပ်လော်ဘီ တယ်လီဂရမ်များမှာသာမက နစက လက်အောက်ခံ သက်တမ်းရှည် နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ ကြေးမုံသတင်းစာရဲ့ အယ်ဒီတာထံပေးစာ ကဏ္ဍမှာလည်း သူပုန်တွေကို နိုင်ငံ့ဘဏ္ဏာငွေ ပုံ​အောသုံးပြီး တိုက်ခိုက်စေလိုကြောင်း၊ စိတ်ဓာတ်တက်ကြွနေတဲ့ ကွန်မန်ဒိုစစ်သား၊ စစ်သည်ဟောင်း အရန်အင်အားတွေနဲ့ ဗျူဟာ ကောင်းကောင်း လက်တုန့်ပြန်ချေမှုန်းသုတ်သင်ကြပါစို့ လို့ တပ်လှန့်နှိုးဆော်ထားပြန်ပါတယ်။
 
ဒါ့အပြင် အင်တာနက်ဆက်သွယ်ရေး မရှိတဲ့ဒေသတွေမှာ စစ်တပ်က စစ်ကြောင်းထိုးရင် ဗုဒ္ဓဆင်းတုတော်၊ စေတီတွေကို ဖျက်ဆီးနေကြတဲ့ NUG၊ PDF၊ MNDAA၊ TNLA ၊ AAကို နေပြည်တော်အပါအဝင် မြို့ပေါင်း ၄၇ မြို့နယ်က လူပေါင်း ၅ သောင်းကျော် ဆန့်ကျင်ရှုတ်ချနေကြကြောင်း၊ အကြမ်းဖက်များ ဖျက်ဆီးထားတဲ့ ဘုရား ဆင်းတုတော်များဟူ၍ ဓာတ်ပုံများနဲ့ ဖော်ပြထားတဲ့ စာရွက်တွေကို ဖြန့်ခဲ့ကြတယ်လို့ ဒေသခံတွေ ဖွင့်ဟထားပါတယ်။
 
ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ညီနောင် မဟာမိတ်နဲ့ PDF တွေကို လက်မခံ မထောက်ခံကြောင်းပြသဖို့ မီဒီယာကောင်စီ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေကလည်း သဘောထားထုတ်ပြန်ချက်တွေ တညီတညွတ်ထဲ ထုတ်ပြန်ကြခြင်းဟာ စစ်ကောင်စီရဲ့ ဖိအားပေးစေခိုင်းထားမှုဖြစ်ကြောင်း ပေါ် လွင်စေခဲ့ပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံလူဦးရေရဲ့ ၆.၂ ရာခိုင်နှုန်းရှိတဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်သတ်ဖြတ်မှုတွေ တိုးလာနေတဲ့အကြောင်း အမေရိကန် နိုင်ငံ၊ မေရီလန်း ပြည်နယ် အခြေစိုက် ချင်းတိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Chin Association of Maryland က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
 
အစီရင်ခံစာနဲ့အတူ၊ မြန်မာနိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေအကြောင်းကို အမေရိကန်နိုင်ငံအစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေကို ရှင်းလင်းပြောကြားတဲ့ အခမ်းအနားကို ဇန်နဝါရီလ ၂၉ရက်က ဝါရှင်တန်ဒီစီမြို့တော်ကအမေရိကန် အောက်လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့ကြပြီးနောက် လော်ဘီတွေဟာ ဒေါသတကြီး ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။
 
ဒီပွဲကိုတက်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေကိုလည်း အမျိုးဖျက်အဖွဲ့တွေ ၊ကိုယ်ကောင်းစားဖို့ တိုင်းပြည်နဲ့ သာသာနာကို ချနင်းကြသူတွေ၊ ဗုဒ္ဓဘာသာဖျက်ဆီးခံရစဉ်က ဘယ်သွားသေနေကြတာလဲ လို့ လော်ဘီတွေက ကြိမ်းဝါးခဲ့ကြပါတယ်။
 
ကုလသမဂ္ဂရဲ့စာရင်းတွေအရ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ကြောင့် မြန်မာပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၃ သန်းနဲ့ မြန်မာနိုင်ငံပြင်ပမှာ ဒုက္ခသည် ၁ ဒသမ ၃၅ သန်းအထိ ရှိနေတဲ့အကြောင်း အာဏာသိမ်းပြီးတဲ့အချိန်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ ခရစ်ယာန်ဘုရားကျောင်း နှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီအထဲက တစ်ဝက်လောက်က ချင်းပြည်နယ်မှာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ ထောင်ဒဏ်ချမှတ်တာနဲ့ သတ်ဖြတ်တာတွေ တိုးလုပ်နေကြောင်း၊ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘာသာ ကျင့်သုံးဖို့ အခက်ခဲဆုံး နိုင်ငံ ၅၀ ထဲမှာ ပါဝင်နေတဲ့အကြောင်းကို Chin Association of Maryland ကပြော​ဆိုခဲ့တာဖြစ်ပါတယ်။
 
စစ်ကောင်စီ လက်အောက်ခံတပ်တွေက အောက်ခြေမှာ အခြားဘာသာဝင်တွေရဲ့ အထိမ်းအမှတ်သရုပ်တွေကို ဖျက်ဆီးနေသလောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုချုပ်ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ဟာ အခြား ဘာသာရေးပွဲတွေကို ကိုယ်တိုင်တက်တာ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တရင်းတနှီးနေပြတာတွေကိုလုပ်ဆောင်ပြီး ၎င်းတို့သဘောထားကြီးကြောင်း အခြား ဘာသာဝင်များကို အပြန်အလှန်လေးစားမှုရှိကြောင်း နိုင်ငံတကာကိုပြသဖို့ အားထုတ်ခဲ့ကြပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခဲ့တဲ့ ၅နှစ်အတွင်း ဗုဒ္ဓဘာသာဟာ မှေးမှိန်ခဲ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်၊ လော်ဘီများကလည်း စစ်ခေါင်းဆောင်ရဲ့လေသံကို လိုက်ပြီး ဆိုက်ဘာလုံခြုံရေးအကြောင်းပြကာ ပြည်သူ့ဘဏ္ဏာ ကျပ်သန်းပေါင်း ၄ထောင်ကျော်သုံးပြီး NLDက အမုန်းစကားပြောဆိုမှုတွေကို စောင့်ကြည့်တားဆီးမှုတွေလုပ်ပေမယ့်NLD ထောက်ခံသူတွေက ဘုန်းကြီးတွေကိုဆဲဆို ဝေဖန်တွေကိုတာ မပိတ်ပင်ဘဲ ၊NLD ကိုဆန့်ကျင်သူ ဘင်္ဂါလီအကြောင်းဝေဖန်သူများရဲ့ ဖေ့စ်ဘွခ်အကောင့်များကိုသာ ပိတ်ပင်စေခဲ့တယ်လို့ ပြောဆိုကြပါတယ်။
 
စစ်ခေါင်းဆောင်ဟာ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပြယုဂ်ဖြစ်ရမယ်ဆိုပြီး ဘီလီယံများစွာ ကုန်ကျခံပြီး ကမ္ဘာ့အကြီးဆုံး မာရဝိဇယ စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်ကြီးကိုလည်း နေပြည်တော်မှာ တည်ထားခဲ့ပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးတင်းမာချိန် မြောက်ပိုင်းမဟာမိတ်တပ်တွေက ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးနေတယ်လို့ အသံထွက်နေချိန်မှာဘဲ တိုင်းနဲ့ ပြည်နယ်အသီးသီးက အထင်ကရ ဘုရားများရဲ့ဂေါပက အဖွဲ့တွေကို အလှည့်ကျ နေပြည်တော်ဆီ ဖိတ်ခေါ် ပြီး မာရဝိဇယ ဘုရားကြီးကို ဖူးစေကာ စစ်ခေါင်းဆောင်လို ဘုန်းကံကြီးမားသူသာ ခုလို ဘုရားကြီးတည်ထားကိုးကွယ်နိုင်ကြောင်း ဗုဒ္ဓသာသနာကိုစောင့်ရှောက်တဲ့ သာသနာပြုမင်းကြီးဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဌများက ချီးမွမ်းထောပနာသံတွေကို ဝါဒဖြန့် ရုပ်သံ၊ သတင်းစာတွေမှာ နေ့စဉ်ထည့်သွင်းထုတ်လွှင့်စေထားပါတယ်။
 
PDF အကြမ်းဖက်တွေက သုံးနှစ်အတွင်း ဘာသာရေးအဆောက်အဦး ၆၆လုံးအထိ ဖျက်ဆီးခဲ့ကြတယ်လို့ စစ်တပ်လော်ဘီတွေရဲ့ ဝါဒမှိုင်းနဲ့ မဘသ ကိုယ်တော်တွေရဲ့ ပြည်သူကို လမ်းပေါ် ဆွဲတင်ဆန္ဒပြစေမှုတွေက ဒီမိုကရေစီလိုလားသူပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ တသားတည်းမကျနေဘူးဆိုတာ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းနှစ်ပါတ်လည် လူထုရဲ့ အသံတိတ်သပိတ်ဆင်နွဲမှုက သက်သေပြနေပါတယ်။
 
၅၅၀ဆရာတော် ၊ ပေါက်ကိုယ်တော်ကဲ့သို့ အမျိုးသားရေးလက်သစ် ဆရာတော်တွေနဲ့ အသံတိတ်သပိတ်နေ့ ပျက်စီးစေရေး ရန်ကုန်မှာ ချီတက်ဆန္ဒပြခဲ့ကြတဲ့ ဦးဝီရသူ ၊ ဘူလက်လှဆွေ၊ဝင်းကိုကိုလတ်တို့လို့ လက်ဟောင်း မျိုးချစ်များနဲ့ ပူးပေါင်း ဘာသာရေးမှိုင်းတိုက်မှုဟာ သူတို့ရဲ့ လူတစ်စုနဲ့သာ ပွဲစည်နေပြီး လူထုက မပါဝင်ခဲ့ကြတော့ပါဘူး၊
 
နှစ်ပေါင်း ၆၀ကျော်ကြာ မရိုးနိုင်အောင် သုံးခဲ့တဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချီရေး ပြည်သူကိုစိတ်ဓာတ်စစ်ဆင်ရေး ဘာသာရေးလှုံ့ဆော်မှု နည်းလမ်းဟောင်းကြီးနဲ့အတူ လူမျိုးရေးအဓိကရုဏ်းကိုပါ လှုံ့ဆော်ဖို့ လော်ဘီတွေက ပြင်ဆင်လာနေကြပါပြီ။