ဖေဖော်ဝါရီ၊ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ စားနပ်ရိက္ခာနဲ့ ပစ္စည်းပြန်သယ်ယူတဲ့ ဒေသခံစစ်ဘေးရှောင်တွေ လိုက်ပါလာတဲ့ကားကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားနှစ်စီးက တော်တော်ထိထားတာ၊ အဲကားတွေပေါ် ပါလာတဲ့လူတွေ တော်တော်ဆိုးသွားတယ်၊ လဲပြီးတော့ မလှုပ်တော့တဲ့လူတွေလည်း တွေ့တယ်၊ ကုန်းကုန်းပြီး သွားနေကြတာလည်းတွေ့တယ်” လို့ မျက်မြင်တွေ့ရှိသူ ဆီဆိုင်ဒေသခံတဦးက DNA ကို ပြောပါတယ်။
ဆီဆိုင်မြို့ မွေတော်ဘုရားရဲ့ အရှေ့ဘက် ဝါးတောရွာအနီး မနက် ၇ နာရီကျော်လောက်မှာ အခုလို ပစ်ခတ်ခံခဲ့ရပြီး အပြင်းအထန်ဒဏ်ရာရတဲ့သူ ရှစ်ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။
အဲဒီရှစ်ဦးထဲ သေဆုံးတဲ့သူလည်း ရှိနိုင်ပြီး အရေအတွက် အတည်အကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အထက်ပါ ဒေသခံက ပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာပါ။
ဆီဆိုင်မြို့ မြောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာ ဘန်းယဥ်နဲ့ ဆယ်မိုင်ခန့်အကွာ ဆိုက်ခေါင်ရွာတွေဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)အဖွဲ့တွေ တပ်စွဲထားပြီး ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေတာပါ။
“ဒီမနက် ပစ်တာတော့ ဘယ်ကနေပစ်လဲ အတိအကျ မသိရဘူး၊ ပစ်နေတာကတော့ ဆက်တိုက်ပဲ၊ ဒေသခံတွေကတော့ ပြောင်းတို့၊ စပါးတို့ ဝင်သယ်ကြရင်းနဲ့ ထိကုန်ကြတာ” လို့လည်း ဆီဆိုင်ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို ပစ်ခတ်တာဟာ စစ်ရှောင်တွေကိုတွေ့လို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလား၊ မြို့ထဲရမ်းသမ်းပစ်ခတ်ရင်းနဲ့ စစ်ရှောင်တွေ ထိကုန်တာလားဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
ဆီဆိုင်ဒေသခံတွေကြားမှာတော့ လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ တရက်အတွင်း ဆီဆိုင်မြို့ထဲ ပစ္စည်းဝင်သယ်ကြဖို့ PNLA နဲ့ ပူးပေါင်းတပ်တွေဘက်က ခွင့်ပြုပေးထားတယ်လို့ သတင်းတွေ ပျံ့နှံ့နေပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) အတွင်းရေးမှူး ခွန်ဝေထူးကတော့ မြို့ထဲပစ္စည်းပြန်ဝင်သယ်ခွင့်ပြုမယ်ဆိုတဲ့ အဲဒီသတင်းဟာ သတင်းအမှားဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အလားတူပဲ PNLA သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ဆီဆိုင်မြို့အနီး ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေသေးတာကြောင့် မြို့ခံတွေအနေနဲ့ မြို့ထဲဝင်ပြီး ပစ္စည်းသယ်ယူတာတွေ မလုပ်ကြဖို့ မကြာခဏ ထုတ်ပြန်သတိပေးနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကပဲ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ စျေးဆိုင်တဆိုင် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ဘန်းယဥ်ရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ) ၄၂၅ နဲ့ ၄၂၆ တို့ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အနီးအနားရွာတွေက ခြောက်လသားအရွယ်ကလေးငယ်တဦးနဲ့ နောက်ထပ်ဒေသခံတဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဆီဆိုင်ဒေသခံတချို့(ပုံဟောင်း)