ဖေဖော်ဝါရီ၊ ၁၉
နိုင်ငံသားတွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ထိုင်ဝမ် ရေလက်ကြားမှာ လုံခြုံရေးအရ ကင်းလှည့်မှုတွေကို အရှိန်အဟုန် မြှင့်သွားမယ်လို့ တရုတ် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ် ငါးဖမ်းလှေ တစီးကို ထိုင်ဝမ် ကမ်းခြေစောင့်တပ်က လိုက်လံ ဖမ်းဆီးဖို့ ကြိုးစားရာက တရုတ် နိုင်ငံသား ၂ ဦး သေဆုံးခဲ့ရပါတယ်။ ငါးဖမ်းလှေဟာ တိမ်းမှောက်ခဲ့ရာကနေ ပါလာသူ ၄ ဦးစလုံး ရေထဲ ကျခဲ့ပြီး ၂ ဦး အသက်ဆုံးရှုံးခဲ့တာလို့ တရုတ်က ပြောပါတယ်။ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ကတော့ အခုဖြစ်စဉ်မှာ တရုတ် တံငါလှေဖက်က အလွန်သာ ဖြစ်တယ်လို့ စွပ်စွဲ တုံ့ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ တရုတ် ကမ်းခြေစောင့်တပ်က အခင်းဖြစ်ရာ ဧရိယာ တဝိုက်မှာ နိုင်ငံတကာ ဥပဒေ စံနှုန်းတွေနဲ့အညီ ကင်းလှည့် ခုတ်မောင်းမှုတွေ ပိုမို လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ လုပ်ဆောင်မှုရဲ့ ရည်မှန်းချက်ဟာ သက်ဆိုင်ရာ ရေပြင်မှာ တရားဥပဒေ စိုးမိုးမှုကို ပိုမို ထိန်းသိမ်းနိုင်ဖို့နဲ့ တံငါသည်တွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့လည်း တရုတ် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ကန်ယုက ပြောပါတယ်။
တရုတ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိုင်ဝမ်ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး လတ်တလော ဖမ်းဆီး ထိန်းသိမ်း ခံထားရသူ တံငါနှစ်ဦးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ထိုင်ဝမ်ဖက်ကတော့ တရုတ် တံငါတွေဟာ နိုင်ငံရေပိုင်နက်ကို ထိပါးကျူးကျော်ခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။
အခုကိစ္စဟာ တရုတ်နဲ့ ထိုင်ဝမ်တို့ကြား ရှိရင်းစွဲ တင်းမာမှုတွေကို မီးစာမြှင့်ပေးသလို ဖြစ်လာပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ခြိမ်းခြောက် သတိပေးထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံငယ်လေးကတော့ ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်မှုကိုသာ ပိုမိုလိုလားကြောင်း ပြောကြားပြီး တရုတ်ရဲ့ ကြီးစိုးလိုမှုကို ဖီဆန်နေခဲ့ပါတယ်။
Ref: CNA