သိမ်းပိုက်နယ်မြေတွေ စွန့်လွှတ်ဖို့ ဖိအားပေးခံရရင် နျူကလီးယား လက်နက် သုံးမယ်လို့ ပူတင်ရဲ့ မဟာမိတ်ပြော

ဖေဖော်ဝါရီ၊ ၁၉

ရုရှား သိမ်းယူထားရာ နယ်မြေတွေကနေ ဆုတ်ခွာဖို့ အတင်းအကျပ် ဖိအားပေးတာမျိုး ခံလာရရင် အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အယုံကြည်ဆုံး လက်ရုံးတဦးက ပြောကြားခဲ့ပါတယ်။

ရုရှား အစိုးရ အဖွဲ့ထဲမှာ ပူတင်ရဲ့ ရုပ်သေးအဖြစ် သမ္မတနဲ့ ဝန်ကြီးချုပ် တာဝန်တွေကို ယူခဲ့ဖူးသလို လက်ရှိမှာလည်း ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ အတွင်းရေးမှူး တာဝန်ကို ယူနေသူ ဒီမစ်ထရီ မက်ဗီဒက်ဗ်က အခုလို ခြိမ်းခြောက်မှုဆန်ဆန် မှတ်ချက်မျိုး ပေးခဲ့တာပါ။

ရုရှားဟာ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် ကာလက ပိုင်နက် နယ်မြေတွေကို ပြန်လည် ရရှိဖို့ ကြိုးစားနေကြောင်း သူက အတည်ပြုခဲ့ပြီး အဲဒီအားထုတ်မှုတွေကို ကြားဝင် နှောင့်ယှက် ဖျက်ဆီးမှု မှန်သမျှဟာ အနောက်နိုင်ငံတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲအဆင့်ကို ဦးတည်သွားစေနိုင်တယ်လို့ မက်ဗီဒက်ဗ်က Telegramမှာ ရေးသားထားခဲ့ပါတယ်။ အဲဒီ အခြေအနေမျိုး ဖြစ်လာရင် ရုရှားဟာ မဟာဗျူဟာ (နျူကလီးယား) လက်နက်တိုက်တွေ အားလုံးကို ကိယက်ဗ်၊ ဘာလင်၊ လန်ဒန်နဲ့ ဝါရှင်တန်လို မြို့ကြီးတွေကို တိုက်ခိုက်ဖို့ ထုတ်သုံးရမှာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

မက်ဗီဒက်ဗ် အပါအဝင် ပူတင်ရဲ့ မဟာမိတ်တွေဟာ အရင်ကလည်း အခုလိုမျိုး လွန်ကဲတဲ့ ခြိမ်းခြောက်စကားတွေ ပြောခဲ့ဖူးပေမယ့် လေ့လာသူတွေကတော့ ယူကရိန်းနဲ့ စစ်ပွဲမှာ အနောက်နိုင်ငံတွေက ရုရှားကို ပိုမို လိုက်လျောလာအောင် ဖိအားပေးတဲ့ အဓိပ္ပါယ်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

လဆန်းပိုင်းတုန်းကလည်း မက်ဗီဒက်ဗ်ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ ကျယ်ပြန့်တဲ့ စစ်ပွဲကြီး ဖြစ်လာအောင် အန္တရာယ်များတဲ့ ကစားပွဲမျိုးကို ရွေးချယ်နေတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ဝေဖန်ရေးသားခဲ့ဖူးပါတယ်။

သူက ယူကရိန်းဟာ နိုင်ငံတခုအဖြစ် တည်ရှိနေသ၍ ရုရှားနဲ့ ပဋိပက္ခတွေ ဆက်လက် တည်တံ့နေလိမ့်မယ်လို့လည်း သတိပေးခဲ့ပြီး ယူကရိန်းဆိုတာ ရုရှားရဲ့ အမြင်မှာ ကင်ဆာအကြိတ် တခုသာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။

 

Ref: New York Post