ဖေဖော်ဝါရီ၊ ၁၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရမ်းဗြဲမြို့ကို လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းက တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေလို့ ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
“အများစုက ပြေးပြီ ဘေးကင်းမယ်ထင်တဲ့နေရာတွေကို၊ သောင်းဂဏန်းပဲ၊ အိမ်တွေလည်း အများကြီးပဲ မီးလောင်ကုန်တာ၊ ကျမတို့အိမ်လည်း ပါသွားတာ။ မိသားစုတွေ ရှောင်နေကြလို့တော်သွားတာ” လို့ ရန်ကုန်နေ ရမ်းဗြဲဒေသခံတဦးက DNA ကိုပြောပါတယ်။
ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ရည်ရွယ်ချက်နဲ့ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းကပင် ဆက်တိုက်ပြုလုပ်လာခဲ့တာလို့လည်း AA က ဖေဖော်ဝါရီ ၁၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ရမ်းဗြဲမြို့အား ဖေဖေဝေါရီ ၁၇ ရက်နေ့လယ်ပိုင်းမှစ၍ ညဦးပိုင်းအချိန်ထိ Mi-35 စစ်ရဟတ်ယာဉ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ကလိန်တောင်မြစ်ထဲရှိ စစ်ကောင်စီနေဗီ သင်္ဘောမှလည်း မြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးနဲ့ (၉) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့်လည်း အမှတ် (၄) ကင်းတဲရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော် မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် နေအိမ်အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လလယ်ပိုင်းက ရမ်းဗြဲမြို့ အနီးမှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ်ကို လက်နက်ကြီး ပစ်ခတ်မှုအပြင် လေကြောင်းနဲ့ ရေကြောင်းကပါ ပစ်ခတ်နေတာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရမ်းဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်တယ်လို့လည်း AA က ထုတ်ပြန်ထားတာပါ။
လက်ရှိအချိန်မှာ စစ်ကောင်စီလက်ချက်နဲ့ ပျက်ဆီးခဲ့တဲ့ ရမ်းဗြဲမြို့ပေါ်ရှိ နေအိမ်အရေအတွက်မှာ ရာဂဏန်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ရမ်းဗြဲမြို့မှာ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ခံထားလို့ စားနပ်ရိက္ခာများ၊ ဆေးဝါး အားလုံးရှားပါးနေကာ စစ်ရှောင်တွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရမ်းဗြဲမြို့နယ်တခုလုံးမှာ လူဦးရေ ကိုးသောင်းကျော် ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – HDCO / Social Media
ပုံစာ – စစ်ကောင်စီရဲ့ ဇန်နဝါရီလအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် မီးလောင်ပျက်ဆီးနေတဲ့ နေအိမ်များ