ကန့်ဘလူမှာစစ်တပ်က ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

ဖေဖော်ဝါရီ၊ ၁၈
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်း ချပ်သင်းတိုက်နယ်၊ တင်မော်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ တဦးက အသက်ကြီးနေတော့ ရုတ်တရက်မပြေးနိုင်ဘဲ ဖမ်းမိသွားတယ်။ နောက်တယောက်ကတော့ လူလတ်ပိုင်းပါ။ ခန္ဓာကိုယ်ကို တစစီကို လိုက်ကောက်ယူရတယ်ဗျ၊ ရက်ရက်စက်စက်ကို သတ်ထားခဲ့တာပါ “ လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီက တင်မော်ရွာသားတွေဖြစ်တဲ့ အသက် ၇၀ အရွယ် ကျန်းမာ​ရေးချို့တဲ့နေသူ ဦးရဲ​ရွှေ နဲ့ အသက် ၃၅ နှစ်အရွယ် ကို​မောင်ချို ဆိုသူ နှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ဦးရဲ​ရွှေကို လည်ပင်းကြိုးနဲ့ချည်​နှောင်ကာ ဝမ်းဗိုက်ကို ဓါးနဲ့ ငါးချက်ခန့် ထိုးသတ်သွား​တယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Infinity Group က ရေးသားထားပါတယ်။
 
ဒါ့အပြင် ကို​​မောင်ချို ဆိုသူကို ကိုယ်လက်င်္အဂါတွေ တစစီဖြတ်​တောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်က အင်အား ခုနှစ်ဆယ်လောက်နဲ့ တင်မော်ရွာကို ဒီလ ၁၅ ရက်နေ့မှာ စတင်ဝင်ရောက်ခဲ့ပြီး တညအိပ်ကာ နောက်ရက် ၁၆ ရက်နေ့မှာ ပြန်ထွက်ခွာသွားတာပါ။ အဲဒီနောက် ဒေသခံတွေ ကျေးရွာအတွင်းပြန်လည်ကြည့်ရာမှာ သတ်ဖြတ်ခံရတဲ့ အလောင်းတွေ တွေ့ရှိခဲ့တာလို့ အထက်ပါဒေသခံက ဆိုပါတယ်။
 
“ ဘယ်တော်လှန်ရေးအဖွဲ့နဲ့မှ မပတ်သက်ပါဘူးဗျ၊ ဒီအတိုင်းရွာသားတွေပါ အသက်ကြီးတဲ့သူတောင် ဒီလိုသတ်ရဲတယ်ဆိုတော့ ဘယ်လောက် ယုတ်မာရက်စက်နေသလဲ တွေးသာကြည့်ပါတော့ “ လို့ သူကဆက်ပြောပါတယ်။
 
လက်ရှိမှာလည်း ဒေသခံ ထောင်ကျော်လောက်ဟာ စစ်ကြောင်းမရှိတော့ပေမယ့် ရွာကိုမပြန်ရဲကြသေးဘဲ နီးစပ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။
 
အဲဒီစစ်ကြောင်းက ချပ်သင်းတိုက်နယ်ဖက်ကို လှည့်လည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီလ ဖေ​ဖော်ဝါရီလ ၁၀ ရက်​နေ့ကလည်း အင်ငုတ္တိုရွာသား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ Infinity Group က ရေးသားထားပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် အခုဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးသူဦးရေ ၄၅၄၅ ဦးအထိ ရှိနေတာလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – AAPP
ပုံစာ – စစ်အုပ်စုလက်ချက်နဲ့ သေဆုံးသူဦးရေမှာ ဖေဖော်ဝါရီ ၁၆ ရက်အထိ AAPP စာရင်းအရ ၄၅၄၅ ဦးအထိ ရှိနေပါတယ်။