ကိုးကန့်ဒေသကို ခေါ်လာတဲ့ အလုပ်သမားတွေထဲ သူလျှိုပါလာရင် ကုမ္ပဏီကို အရေးယူမယ်လို့ဆို

ဖေဖော်ဝါရီ ၊ ၁၈
 
ကိုးကန့်တပ် (MNDAA)က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ အထူးဒေသ ၁ (ကိုးကန့်ဒေသ)ထဲကို ခေါ်လာတဲ့ အလုပ်သမားတွေထဲ ရန်သူ့ သူလျှိုတွေ ပါလာရင် အဲဒီအလုပ်သမားတွေကို ခေါ်လာတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကို အရေးယူမယ်လို့ သိရပါတယ်။
 
ရှမ်းပြည်နယ်၊ အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ အလုပ်အကိုင်ကိစ္စရပ်ဆိုင်ရာ အသိပေးစာထဲမှာ အခုလို ထည့်သွင်းပြောဆိုထားတာပါ။
 
ကိုးကန့်ဒေသမှာ စစ်ပွဲရပ်စဲသွားပြီးနောက် ဒေသပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမားနဲ့ နည်းပညာရှင်အမြောက်အမြား လိုအပ်နေတာကြောင့် အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီတွေ တည်ထောင်ဖို့ ခွင့်ပြုလိုက်ပြီး အလုပ်သမားနဲ့ နည်းပညာရှင်တွေ ခေါ်ယူပေးဖို့ တာဝန်ပေးလိုက်တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့်မို့ အလုပ်သမားစျေးကွက်အတွက် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီတွေ ဖွင့်လှစ်နိုင်ကြောင်းနဲ့ လုပ်ငန်းပိုင်ရှင်တွေကလည်း လိုအပ်တဲ့ အလုပ်သမားအမျိုးအစားတွေကို အဲဒီကုမ္ပဏီတွေမှာ သွားရောက်စုံစမ်းနိုင်တယ်လို့ ကော်မတီက အသိပေးထားပါတယ်။
 
အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီတွေ ဖွင့်လှစ်လိုသူတွေကတော့ အထူးဒေသ ရဲတပ်ဖွဲ့ထံမှာ လုပ်ငန်းကဒ်လျှောက်ရမှာဖြစ်ပြီး ခွင့်ပြုချက်ရပြီးမှသာ အလုပ်သမားဝန်ဆောင်မှုလုပ်ငန်း လုပ်ခွင့်ရှိမှာပါ။
 
ဒါပေမယ့် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ကတော့ ခေါ်လာမယ့် အလုပ်သမားတွေရဲ့ နိုင်ငံရေးနောက်ခံကို အသေးစိတ်စစ်ဆေးပြီး ဒေသအတွင်းကို ရန်သူ့အေးဂျင့်များ စိမ့်ဝင်မှုမရှိအောင် အထူးကာကွယ်ရမယ်လို့ စစ်ရေးအုပ်ချုပ်မှုကော်မတီက သတိပေးထားပါတယ်။
 
ပြင်ပကနေ ရောက်လာတဲ့ အလုပ်သမားတွေထဲမှာ သူလျှိုနဲ့ ရန်သူ့အေးဂျင့်တွေ ပါဝင်လာပြီး ထောက်လှမ်းရေး၊ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်လာမှာကို ကြိုတင်ကာကွယ်ရမယ်လို့လည်း ဆိုပါတယ်။
 
ဒါ့အပြင် အလုပ်သမားတွေကို အဓမ္မခိုင်းစေတာ၊ လိမ်ခေါ်ပြီး ဆန္ဒနဲ့ မကိုက်ညီတဲ့ အလုပ်တွေ လုပ်ခိုင်းတာ၊ ကလေးအလုပ်သမား အသုံးပြုတာတွေကိုလည်း တားမြစ်ပြီး မလိုက်နာရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။
 
ကိုးကန့်ဒေသအတွင်း လာရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေကတော့ ကိုယ့်သဘောအတိုင်း အလုပ်ရွေးချယ်နိုင်သလို အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီတွေမှာ ပွဲစားခပေးပြီး အလုပ်ရှာဖွေနိုင်တယ်လို့လည်း သိရပါတယ်။
 
အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီတွေဘက်ကတော့ ယူမယ့်ပွဲစားခကို အလုပ်သမားနဲ့ အလုပ်ရှင်တွေကို ကြိုတင်ပြောပြရမှာဖြစ်ပြီး လိမ်လည်မှု လုံးဝမလုပ်ရဘူးလို့လည်း ဆိုပါတယ်။
 
လုပ်ကိုင်လိုတဲ့ လုပ်ငန်းပုံစံနဲ့ လစာနှုန်းထားတွေကိုတော့ လုပ်ငန်းရှင်နဲ့ အလုပ်သမားအကြား ဆွေးနွေးဆုံးဖြတ်နိုင်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုဖြစ်ပါက သက်ဆိုင်ရာ ဥပဒေဌာနမှာ တရားစွဲနိုင်သလို အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီထံ အကူအညီတောင်းခံ ဖြေရှင်းနိုင်တယ်လို့လည်း စစ်ရေးအုပ်ချုပ်မှုကော်မတီက အသိပေးထားပါတယ်။
 
အလုပ်သမားတွေအနေနဲ့လည်း အထူးဒေသ ရဲတပ်ဖွဲ့မှာ လုပ်ငန်းကဒ်လျှောက်ရမှာဖြစ်ပြီး လုပ်ငန်းကဒ်ရပြီးပါက ဒေသအတွင်း ခေတ္တနေထိုင်ခွင့်ရှိပေမယ့် ရပ်ကွက်ကျော် ရွှေ့ပြောင်းနေထိုင်ခွင့်တော့ မရှိဘူးလို့ သိရပါတယ်။
 
ကိုးကန့်တပ် (MNDAA)ကတော့ လောက်ကိုင်ကို သိမ်းပိုက်နိုင်ပြီးနောက် နောက်တရက် ဇန်နဝါရီလ ၆ ရက်နေ့မှာ ရှမ်းပြည်နယ်၊ အထူးဒေသ(၁) ဖြစ်တဲ့ ကိုးကန့်ဒေသ အားလုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီမတိုင်ခင် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း MNDAA စစ်ဦးစီးချုပ်လည်းဖြစ် အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးဖုန်တဲရင်က လက်ရှိအချိန်ဟာ အထူးဒေသ(၁) ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်ကြောင်း နှစ်သစ်ကူးသဝဏ်လွှာ ကနေတဆင့် ပြောထားပါသေးတယ်။
 
ရှမ်းပြည်နယ် အထူးဒေသ(၁) ဖြစ်တဲ့ ကိုးကန့်ဒေသကို ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်က မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုမှုတွေ အကြောင်းပြချက်နဲ့ စစ်ဆင်ရေးလုပ် သိမ်းယူထားခဲ့တာဖြစ်ပြီး ၁၄ နှစ်အကြာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာတော့ ကိုးကန့်တပ် (MNDAA)က ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။
 
ဓာတ်ပုံ – The Kokang