ဆီဆိုင်မြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် လသားကလေးအပါအဝင် ၂ ဦးသေ ၇ ဦးဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၁၈
 
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်မှာ မနေ့က ဖေဖော်ဝါရီ ၁၇ ရက်ည ၉ နာရီလောက်မှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်​ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး လသားအရွယ် ကလေးငယ်တဦး အပါအ၀င် နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဆီဆိုင်မြို့နယ် ထမ်းယံနဲ့ ထီတမ်ကျေးရွာတွေအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့တာပါ။
 
“ ညအချိန်ဆိုတော့ အိမ်ပေါ်မှာ ကလေးက သူမိဘတွေနဲ့ အိပ်နေတာပါ။ လက်နက်ကြီး ကျလို့ အိမ်ပျက်ဆီးသွားတယ်။ အဲဒီမှာ ကလေးပါ ထိခိုက်ပြီးတော့ ဆုံးသွားတယ်။ သူမိဘတွေလည်း ထိခိုက်ဒဏ်ရာရခဲ့သွားတယ် ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထမ်းယံကျေးရွာမှာ ခြောက်လသားအရွယ် ကလေးငယ်တဦးနဲ့ ထီတမ်ကျေးရွာမှာ အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သလို ဒေသခံ ခုနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ကလည်း ထုတ်ပြန်ထားပါတယ်။
 
ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီတပ်ရဲ့ ခမရ (၄၂၅) နဲ့ ခမရ (၄၂၆) တပ်တွေက မြို့အရှေ့ဖက်ရှိ ထမ်းယံရွာနဲ့ ထီတမ်ရွာဖက်ကို မနေ့က ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ လက်နက်ကြီးနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
အခုလို ပစ်ခတ်မှုကြောင့် ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေဟာ နီးစပ်ရာ တောအုပ်တွေအတွင်းကို ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို ကျေးရွာရှိ နေအိမ် နှစ်လုံးလည်း ထိခိုက်ပျက်ဆီးသွားတယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
 
“ အဲဒီဖက်မှာ အိမ်ခြေက ၇၀၀ ကျော်လောက် ရှိမယ်ထင်တယ်။ ဒီကနေ့ မနက်တော့ ဘာအသံမှာ မကြားရတော့ဘူး။ ညတုန်းကလည်း တိုက်ပွဲမဖြစ်ဘူး လက်နက်ကြီးကျတော့ ရွာသားတွေက တောထဲ ထွက်ပြေးရတယ်။ အခုလည်း ရွာဖက်ကို မပြန်ရဲကြသေးဘူး ” လို့ သူကဆိုပါတယ်။
 
အဲဒီကျေးရွာတွေဖက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့တွေ တပ်စွဲထားတာလည်း မရှိဘဲ စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးနဲ့ အချက်ပေါင်း လေးဆယ်ကျော် ပစ်ခတ်ခဲ့ပြီး ရွာကို ဖျက်ဆီးခဲ့တယ်လို့ ပအိုင်ဝ်းတပ်က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မှာ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) အဖွဲကတွေက မဲနယ်တောင်ဒေသရှိ ကျောက္ကဆျား၊ လုံးစီး၊ စငေါ ရွာတွေဖက်ကို လက်နက်ကြီးနဲ့ အချက်ပေါင်း တရားကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပဆျားကြိုးရွာဖက် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့သလို အရပ်သား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
 
ဆီဆိုင်မြို့ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်က မြေပြင်မှာ စစ်ကြောင်းပြန်လည်မထိုးနိုင်တော့တဲ့အတွက် မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ လေကြောင်းကတဆင့် နေစဉ်ဆိုသလို ပစ်ခတ်နေတာကြောင့် မြို့မစျေးအပါအ၀င် နေအိမ်တော်တော်များများ ထိခိုက်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဒီလ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တပတ်လောက်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ပြောပါတယ်။
 
အဲဒီပစ်ခတ်မှုတွေကြောင့် ဆီဆိုင်မြို့ရှိ ဘာသာရေးအဆောက်အဦ ဆယ်နှစ်လုံး အပါအ၀င် အရပ်သားတွေ ပိုင်ဆိုင်တဲ့ နေအ်ိမ် ၆၅ လုံး ထိခိုက်ပျက်ဆီးခဲ့တဲ့အပြင် ဒေသခံပြည်သူ ခုနှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – PNLO