ပဋိပက္ခတွေကြောင့် ကလေးတွေရဲ့ဘဝ အဆိုးဆုံး ဖြစ်လာ၊ ဒေါ်လာ သန်းနှစ်ရာကျော် အကူအညီတွေ လိုအပ်နေ

ဖေဖော်ဝါရီ ၊ ၁၇

မြန်မာနိုင်ငံမှာ ပြည်တွင်းရေး အကျပ်အတည်းတွေ ပိုမို ဆိုးရွားလာတာနဲ့အမျှ ကလေးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း ပိုပြီး ကျပ်တည်းလာနေပါတယ်။ အဲဒီအခြေအနေကို တုံ့ပြန် ဟန့်တားဖို့အတွက် နိုင်ငံတကာ အထောက်အပံ့တွေလည်း အပူတပြင်း လိုအပ်လာပါတယ်။ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အခြေအနေအဖြစ် နိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံ၊ တနည်းအားဖြင့် လူပေါင်း ၁၈.၆ သန်းလောက်ဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေပြီး အဲဒီထဲမှာ ကလေး ၆ သန်းလောက် ပါဝင်နေပါတယ်။

 အထူးသဖြင့် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ကလေးတွေရဲ့ဘဝ ကျပ်တည်းမှုဟာ ပိုမို ဆိုးရွားလာပါတယ်။ နိုင်ငံအနှံ့ စစ်ရေးတင်းမာမှုတွေ၊ ပဋိပက္ခတွေ ခေါင်းထောင်ထလာတာ၊ အစုလိုက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတာ၊ စီးပွားရေး ကျပ်တည်းလာတာတွေက အဲဒီ အခြေအနေဆိုးကို ပိုပြီး မီးစာဖြည့်ပေးနေပါတယ်။

 ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ ၂ သန်းကျော် ရှိပြီး အဲဒီထဲက ၁.၇ သန်းလောက်ဟာ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းမှာ တိုးပွားလာခဲ့တာပါ။ ကလေးတွေဟာ စစ်ဒဏ်ကြောင့် ရွှေ့ပြောင်းရမှုရဲ့ အဆိုးဆုံးသော အကျိုးဆက်တွေကို ခါးစည်း ခံနေရပြီး ကာကွယ်ဆေးနဲ့ ကြိုတင် တားဆီးနိုင်တဲ့ ရောဂါတွေကို ခံစားရနိုင်ခြေတွေ၊ ပညာသင်ခွင့် ဆုံးရှုံးတာတွေ၊ အာဟာရ ချို့တဲ့တာတွေကိုပါ ကြုံလာရနိုင်ခြေ ရှိနေပါတယ်။ အရင်ကတည်းက နိုင်ငံမှာ ၅ နှစ်အောက် ကလေးတွေ သေဆုံးမှု မြင့်မားတာ၊ ကာကွယ်ဆေး ထိုးနှံမှု လွှမ်းခြုံနိုင်စွမ်း အားနည်းတာတွေက အခုဆိုရင် ပိုပြီး အခြေအနေ ဆိုးလာဦးမယ့် သဘောပါပဲ။

 ကိုဗစ် ကပ်ရောဂါဆိုးရဲ့ ဂယက်ဟာ ပြည်တွင်း မငြိမ်သက်မှုတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ ကျောင်းတွေ ပိတ်ထားရတဲ့ အချိန်ကာလက အလွန်အကျွံ ရှည်လျားလာပါတယ်။ အကျိုးဆက်ကတော့ မျိုးဆက်တခုစာလောက်ဟာ ပညာသင်ကြားခွင့်ရော၊ အနာဂတ် စီးပွားရေး အခွင့်အလမ်းတွေကိုပါ ဆုံးရှုံးရမယ့် ခြိမ်းခြောက်မှုနဲ့ ကြုံလာရပါတယ်။

 ဒါ့အပြင် ကုန်စျေးနှုန်းတွေ မတန်တဆ မြင့်တက်လာတာ၊ မိသားစု ဝင်ငွေတွေ ယုတ်လျော့ ကျဆင်းလာတာတွေကလည်း အခြေခံ အကျဆုံး လိုအပ်ချက်တွေတောင် ဖူလုံအောင် မဖြည့်ဆည်းနိုင်တဲ့ အခြေအနေတွေ ဖြစ်လာစေပါတယ်။ ဒီပြဿနာမျိုးဟာ ပုံမှန် ဝင်ငွေ ရရှိစေတဲ့ အလုပ်အကိုင်မျိုးနဲ့ ကင်းကွာနေတဲ့ စစ်ရှောင် မိသားစုတွေမှာ ပိုဆိုးရွားပါတယ်။

 ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှာ ယူနီဆက်ဖ်ဟာ ၂၀၂၄ ခုနှစ်အတွက် ကလေးများဆိုင်ရာ လူသားချင်း စာနာမှု ဖော်ဆောင်ရေး အစီအစဉ် (HAC)ကို တင်ပြခဲ့ရာမှာ မြန်မာနိုင်ငံက ကလေးဦးရေ ၂.၁ သန်း ပါအဝင် အခြေအနေ အဆိုးဆုံး ဒုက္ခရောက်နေသူ ၃.၁ သန်းအတွက် အသက်ရှင် ရပ်တည်ရေးနဲ့ တခြား အခြေခံ အကျဆုံး လိုအပ်ချက်တွေ ထောက်ပံ့ပေးဖို့ ဒေါ်လာ ၂၀၈.၃ သန်း လိုအပ်ကြောင်း တင်ပြထားပါတယ်။ အဲဒီ ရန်ပုံငွေ အထောက်အပံ့ အစီအစဉ်မှာ ပညာရေး ဝန်ဆောင်မှု၊ စိတ်ကျန်းမာရေး အထောက်အပံ့၊ သန့်ရှင်းတဲ့ သောက်သုံးရေ ပေးဝေမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဝက်သက် ကာကွယ်ဆေး ထိုးနှံရေး ကိစ္စတွေ ပါဝင်ပါတယ်။

 ယူနီဆက်ဖ်နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ကလေးတွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ နောက်ခံ အခြေအနေတွေကြောင့် အဟန့်အတားတွေ ကြုံနေရပြီး တဖက်မှာလည်း လိုအပ်တဲ့ ရန်ပုံငွေကို အချိန်ကိုက် အဆင်ချောချော ရရှိရေးက အထူးအရေးကြီးလာပါတယ်။ HAC အစီအမံဟာ ဘဝရှင်သန်ရေး၊ လုံခြုံရေး၊ အနာဂတ် အိပ်မက်တွေအားလုံး မရေမရာ ဖြစ်နေတဲ့ ကလေးတွေကို အဆိုးတကာ့ အဆိုးဆုံး အကျိုးဆက်မျိုးတွေကနေ ဟန့်တား ကာကွယ်ပေးဖို့ အချိန်လု လုပ်ဆောင်ရမယ့် အစီအမံတခုလည်း ဖြစ်လာပါတယ်။

Ref: UNICEF