စစ်တို့၏ မြန်မာ

ဖေဖော်ဝါရီ ၊ ၁၇

တပ်မတော်သည် ချောက်ထဲ ကျလုနီးနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား ဆယ်စုနှစ်များစွာ ကယ်တင်ခဲ့ပေသည်။

ထိုအတောအတွင်း တပ်မတော်အရာရှိများကား ကျန်သည့်ဝန်ကြီးဌာနမှ လူများ ဘာမှ မလုပ်တတ်မည်ကို စိုးရိမ်သဖြင့် ဌာနဆိုင်ရာများသို့ အသီးသီး ပြောင်းရွှေ့လာကြ၏ ။

ထိုသို့ပြောင်းရွှေ့လာတိုင်းလဲ အထက်အရာရှိဆိုသည့် နေရာမှ ပြောင်းရွေ့လာသည်ကြီးဖြစ်သည် ။

ဒီတော့ သူတို့ကို အောက်ခြေပြည်သူများက မိုးပေါ်မှ ကျလာပြီး ရွှေဖြစ်ကုန်ကြသည့် ကိုယ်တော်များ ဟု အဓိပါယ်ရသော စကားလုံးဖြင့် မိုးကျရွှေကိုယ်များ ဟု သမုတ်ကျတော့သည် ။

ဝုန်းခနဲကျ..ဟုန်းခနဲ မူလဘူတဘုန်းမီးနေလတောက်နေသည့် မိုးကျရွှေကိုယ်အရာရှိများ အား အထက်ကိုရောက်ဖို့အရေး ကောင်းကင်ကို နွယ်တက်နေသည့် ပဲပင်ကို ဖက်တက်သလို ကုန်းရုန်းတက်လာသည့် ဌာနရင်းဝန်ထမ်းများက အထင်လွဲလာကြသည်။

ဝန်ထမ်းဆိုသည်ကား ပြည်သူ၏ ဝန်ကိုထမ်းသူများဖြစ်သည့်အတွက် ပြည်သူထဲ က ပြည်သူပင် ။

တပ်မတော်သည်လည်း ပြည်သူ့ကို ကာကွယ်ကာ ပြည်သူ့ဝန်ကိုထမ်းနေသည့် ပြည်သူ့ဝန်ထမ်းတပ်မတော်ဖြစ်နေသည့်အတွက် ပြည်သူ့ဝန်ထမ်းများမှ

သဘောထားကွဲလွဲစရာ ဘာအကြောင်းမှမရှိ။

တပ်နှင့်ပြည်သူ အမြဲကြည်ဖြူ ဖျက်ရန်ဟူသမျှ ချေမှုန်းကြ ဟူသော စကားပုံ အရဆိုလျင် တပ်နှင့်ပြည်သူက အမြဲကြည်ဖြူကြမှဖြစ်မည် ။

တပ်မတော်သည် နိုင်ငံ့ အရေးတိုင်းတွင် မပါမဖြစ် အင်စတီကျု ကြီးဖြစ်နေသည်။

ပြည်သူများအနေဖြင့် တပ်မတော် အပေါ် အနည်းငယ်မျှပင် အထင်လွဲ ရန် မသင့်ချေ။

ဝေဖန်ရန်လည်းမသင့်တော်။

ထို့ကြောင့် တပ်မတော်၏ သဘောသဘာဝကို နားလည်စေရန်၊

ပြည်သူနှင့် တပ်မတော်တစ်သားတည်းဖြစ်စေရန်အတွက် ပြည်သူအားလုံးကို တပ်မတော်ထဲ ဝင်ရန်လိုသည်။

တကယ်လို့သာ ပြည်သူအားလုံး တပ်မတော်ထဲ ဝင်လိုက်လျင်..သင့်အားတပ်မတော်က အလိုရှိသည် ဆိုသည့် ဆိုင်းဘုတ်တွေတောင် မလိုတော့။

တပ်မတော်သည် ပြည်သူ ၊ ပြည်သူသည် တပ်မတော် ဖြစ်လာလျှင် နိုင်ငံတော်ကြီးအား ပြည်သူ့တပ်မတော်နိုင်ငံတော်ကြီး ဟု နာမည်ပြောင်းလိုက်နိုင်တော့မည် ။

ကမ္ဘာ့နိုင်ငံတိုင်းတွင်..စစ်ဒေသ ၊တပ်မြို့ စသည်တို့သာရှိရာမှ ကမ္ဘာပထမဆုံး တပ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်လျင် ဂီးနက်ကမ္ဘာမှတ်တမ်းပါ ဝင်နိုင်သည် ။

နိုင်ငံတကာတွင် စစ်ဆရာဝန် ၊ စစ်အင်ဂျင်နီယာ ၊ စစ်သူနာပြု ဒါတွေ ကရှိပြီးသား ။

မောင်ဗြိတို့ နိုင်ငံကြီအား တပ်နိုင်ငံတော်ကြီးတည်ဆောက်နိုင်လျင်ဖြင့် အုပ်ချုပ်သူအစိုးရမင်းများသည်လည်း စစ်သမ္မတ ၊ စစ်ဝန်ကြီး ၊ စစ်လွှတ်တော်အမတ် ၊ စစ်တိုင်းဒေသကြီးဝန်ကြီးချုပ် စသဖြင့် အမည်တပ်ကြတော့မည်။

ဝန်ထမ်းများကလဲ အားကျမခံ စစ်ထွေအုပ် ၊ စစ်ရဲ ၊ စစ်မီးသတ် ၊ စစ်ကြက်ခြေနီ ၊ စစ်ကျောင်းဆရာ ၊ စစ်လဝက ၊ စစ်အကောက်အခွန် ၊ စစ်စည်ပင်၊ စစ်လဝက စသည်ဖြင့် စစ်ခေါင်းစဉ်အောက်တွင် ညီညွတ်ကြမည် ။

ဝန်ထမ်းများ ညီညွတ်ကြမည်ဆိုတော့ ပြည်သူထဲ ကြည့်လိုက်အုံး ။

စစ်ကုန်သည် ၊ စစ်ပွဲစား ၊ စစ်လုပ်ငန်းရှင် ၊ စစ်ကန်ထရိုက် ၊ စစ်ပန်းရံဆရာ ၊ စစ်ဒရိုင်ဘာ ၊ စစ်စပယ်ရာ ၊ စစ်ကုမ္မဏီဝန်ထမ်း၊ စစ်အရက်ဆိုင် ၊ စစ်စားပွဲထိုး ၊ စစ်ဘရာကြော်သည် ၊ စစ်ကွမ်းယာသည် ၊ စစ်ဝက်သားတုတ်ထိုးသည် ၊ စစ်ငါးစိမ်းသည်၊ စစ်ဟင်းသီးဟင်းရွက်သည် ၊ စစ်အထည်သည် ၊ စစ်ဆံပင်ညှပ်ဆရာ ၊ စစ်တက္ကစီသမား၊ စစ်ဘာညာသာရကာ .စသဖြင့်..လူတန်းစားပေါင်းစုံသည် တပ်မတော်၏ စစ်ခေါင်းစဉ်အောက် ညီညွတ်ကြပေပြီ ။

အနုပညာလောက တစ်ချက် ငဲ့ကြည့်ပြောတော့လဲ.. စစ်စာရေးဆရာ ၊ စစ်ကဗျာဆရာ ၊ စစ်ပန်းချီဆရာ ၊ စစ်ပန်းပုဆရာ၊ စစ်ထုတ်လုပ်သူ ၊ စစ်ရုပ်ရှင်မင်းသား ၊ စစ်ရုပ်ရှင်မင်းသမီး ၊ စစ်မော်ဒယ် ၊ စစ်ဇာတ်ညွှန်းဆရာ ၊ စစ်လူရွှင်တော် ..အိုးရက်စ်…..စစ်စစ် များအားလုံး စုဝေးသည့် စစ်နိုင်ငံတော်ကြီးဖြစ်ချေတော့မည် ။

စစ်နိုင်ငံတော်ကြီးဖြစ်သောအခါ အားလုံးသည် စစ်စကားတွေပြောကြမည် ။

စစ်ကောင်လေးက စစ်ကောင်မလေးကို ရည်းစားစကားလိုက်ပြောသည့်အခါ “ချစ်ခင်နှစ်သက်ကြောင်း အကက (အကြောင်းကြား)… ပြန်လည်ဖြေကြားပေးရန်..ညွှန်ကြား” ဟု ဆိုသောအခါ..စစ်ကောင်မလေးက..”ထိုးနာရီ တိုင်း ခမမပည (ခန့်မှန်းမြေပုံညွှန်း) အယက အမှတ်(၃) ခတ (အင်းယားကန် အမှတ်(၃)ခုံတန်း) တွင် အသင့်အနေအထားရှိရန် အကက” စသဖြင့် ပြောကြသဖြင့်လိုတိုရှင်းနှင့် ကိစ္စမြန်မြန်ပြီးချေတော့မည် ။

လင်ယူသားမွေးအိမ်ထောင်ပြုကိစ္စများတွင်လဲ…ကတိသစ္စာအလံကိုကိုင်ကာ သစ္စာဆိုပြီး ရှေ့ကြည့် ၊ သတိ ၊ တက် ၊ ဆက်လုပ် ၊ ပြီးစေ ဖြင့် တိတိကျကျ မြန်မြန်ဆန်ဆန်လုပ်ကြတော့မည် ။

ကတိသစ္စာဖောက်ဖျက်ပါက ..စစ်အိမ်ထောင်စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ၊ စစ်အိမ်ထောင်သည်ကျင့်ဝတ်တို့ဖြင့် စစ်ခုံရုံးတင်ကာစစ်ဆေးလိမ့်မည် ။

ကလေးများများမွေးသည့်အခါတွင်လဲ သိပ်မပူရတော့ ။

မနက်လင်းသည်နှင့်် စစ်ခရာမှုတ်ကာ အိမ်ရှေ့ကွင်းတွင် ဗုစုခရုများ တန်းစီစေနိုင်တော့မည် ။

အမှတ်စဉ် မှတ်ဟု ဆိုသည်နှင့် ရင်နှစ်သည်းချာ ရွှေစစ်လောင်းလျာများက တိတ် ၊ နှိပ် ၊ သုံး ၊ လေး ၊ တစ်ယောက်လို စသဖြင့် သားသမီးစာရင်းကို တိကျစွာစစ်ဆေးနိုင်တော့လေသည် ။

တန်းစီလူစစ်ပြီးသည့်အခါ သားသမီးတို့အား စာသင်ဆောင်ဝင်စေသင့်သူဝင် ၊ ဖက်ထိပ်လုပ်ခိုင်းသင့်သူလုပ်ဖြင့် စီမံချက်အတိုင်း တိကျစွာကွပ်ကဲနိုင်တော့ပေမည်။

မလိုက်နာသော သားသမီးအား ဇီးစုမှူး ဇနီးသည်မှ ရေးတင်လျင် အိမ်ထောင်ဦးစီး ဇီးခွဲမှူး မှ စုံခုံလုပ်ကာ အရေးယူနိုင်တော့မည် ။

ဒီလိုနှင့် အနာဂတ်အတွက် စစ်ပုံမကျ မဝင်ရသော စစ်မိသားစုများနှင့် စစ်နိုင်ငံတော်ကြီး တည်ထောင်ကာ တဖြည်းဖြည်းနှင့် ကမ္ဘာကြီးကို စစ်ကမ္ဘာကြီးအဖြစ် ပြောင်းလဲပေးသွားနိုင်လိမ့်မည် ။

ထို့ကြောင့်……………………..

“စစ်ချစ်တဲ့မြန်မာ..စစ်ချစ်တဲ့ ကလေးတွေ ..စစ်ချစ်တဲ့ မျိုးချစ်တွေပါဟေ..အနာဂတ် စစ်စစ်တွေ..ပိုမိုစစ်နိုင်စေရန်..တို့ရင်သွေးတိုင်းအတွက်ကွယ်..တို့စစ်သည်အဖြစ် ခံယူရင်း..စစ်ဖြစ်နေမယ်…We are the war. War are the children” ဟု သီချင်းများရေးစပ်ကာ ဂုဏ်ပြုတိုက်တွန်းအပ်ပါသည် ။

ဗြိတိသျှကိုကိုမောင်

စစ်စာရေးဆရာ