ထရမ့်အပေါ် ဒေါ်လာ သန်းပေါင်း သုံးရာ့ငါးဆယ်ကျော် နယူးယောက် တရားရုံး ဒဏ်ကြေးချမှတ်

ပိုင်ဆိုင်မှု တန်ဖိုးတွေ လိမ်ညာခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ဒေါ်လာ ၃၅၅ သန်း ဒဏ်ကြေး တပ်ရိုက် ခံလိုက်ရပါတယ်။

 

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ကို ထရမ့်ဟာ ပိုင်ဆိုင်မှု တန်ဖိုးတွေ မှန်မှန်ကန်ကန် တင်ပြခဲ့ခြင်း မရှိဘူးလို့ နယူးယောက် တရားရုံးရဲ့ တရားသူကြီး တဦးက ဖေဖော်ဝါရီ ၁၆ ရက် တရားခွင်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တရားသူကြီး အာသာ အန်ဂိုရွန်က ထရမ့် အနေနဲ့ နောက်ထပ် ၃ နှစ်တာအတွင်း နယူးယောက် ပြည်နယ်ထဲမှာ စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ အကြီးအကဲ တာဝန်တွေကို ရယူခြင်းနဲ့ နယူးယောက် ဘဏ်တွေကနေ ငွေချေးခြင်းကိုပါ နောက်ထပ် ၃ နှစ်စာ တားမြစ် ကန့်သတ်လိုက်ပါတယ်။

 

ဒါပေမဲ့ နယူးယောက်က အိမ်ခြံမြေ လုပ်ငန်းတွေနဲ့ ကြီးပွားချမ်းသာခဲ့တဲ့ ဘီလီယံနာ သူဌေးကြီးဟာ ကုမ္ပဏီ ဖျက်သိမ်းရမယ့် အခြေအနေကိုတော့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ အဲဒီအဆင့်ထိ ရောက်သွားရင် သူဟာ ဒေဝါလီတောင် ခံရနိုင်တဲ့ အခြေအနေပါ။

 

လောလောဆယ် ဖလော်ရီဒါမှာ ပြောင်းရွှေ့ အခြေချနေတဲ့ ထရမ့်ကတော့ တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် အယူခံ ဝင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အရည်အချင်း မပြည့်ဝတဲ့ နယူးယောက် တရားသူကြီး တယောက်က သူဟာ ပြီးပြည့်စုံတဲ့ ကုမ္ပဏီ တခုကို ထူထောင်ခဲ့တာကြာင့် ဒေါ်လာ သန်းပေါင်း ၃၅၀ လောက် ဒဏ်ရိုက်တယ် ဆိုတာကို သဘောမတူကြောင်း ထရမ့်က ဆိုပါတယ်။

 

တရားသူကြီး အန်ဂိုရွန်ကတော့ ထရမ့်ရဲ့ စီးပွားရေး အင်ပါယာမှာ ရှုပ်ထွေးတဲ့ အခွန်လိမ်ညာမှုတွေ၊ ငွေကြေး ခဝါချမှုတွေ ရှိနိုင်ကြောင်း တခြား စွပ်စွဲချက် အဟောင်းတွေကိုပါ တရားခွင်မှာ ကိုးကားပြသွားခဲ့ပါတယ်။ တရားရုံး ဆုံးဖြတ်ချက်အရ ထရမ့်ဟာ လိမ်လည် စာရင်းပြထားတဲ့ စီးပွားရေး ကိစ္စတွေကို အကြောင်းပြုပြီး ရရှိထားတဲ့ အမြတ်ငွေတွေထဲကနေ နယူးယောက် အစိုးရ အဖွဲ့ကို ဒဏ်ကြေး ပြန်ပေးဆောင်ရမယ့် သဘောလည်း ဖြစ်ပါတယ်။

 

ထရမ့်ကတော့ သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့သလို ပေးချေသင့် ပေးချေထိုက်တဲ့ အခွန်အခနဲ့ တခြား ငွေကြေးတွေကို မပျက်မကွက် ပေးချေခဲ့တယ်လို့ ခုခံ ပြောဆိုထားပါတယ်။ ထရမ့်ဟာ အခု နှစ်ကုန် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်ပြီး မကျေပွဲနွှဲဖို့ အားထုတ်နေပေမယ့် တဖက်မှာလည်း တရားရေးအရ ရှုပ်ထွေးတဲ့ စွဲချက်တွေနဲ့ လုံးပန်းနေရဆဲ ဖြစ်ပါတယ်။

 

Ref: Sky