ထားဝယ်မြို့၊ စောမိညိုလမ်းထဲက နေအိမ်တွေဖျက်သိမ်းဖယ်ရှားပေးဖို့ စစ်ကောင်စီက ဖိအားပေးခံဝန်ထိုးခိုင်း

ဖေဖော်ဝါရီ ၊ ၁၇

လူနေအိမ်ငါးဆယ်လောက်အပြင် ဆန်စက်နဲ့ တခြားပွဲရုံ၊မွေးမြူရေးခြံတချို့ပါရှိတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းထဲက နေအိမ်တွေကို ငါးရက်အတွင်းအပြီးဖျက်ဖို့ စစ်ကောင်စီက မနေ့ကဖိအား ပေးခံဝန်ထိုးခိုင်းလိုက်တယ်လို့ အဲ့ဒီလမ်းကနေအိမ်ပိုင်ရှင်တချို့က DNAကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတာဝန်ရှိသူတွေက စောမိညိုလမ်းမှာနေထိုင်သူတွေကို မနေ့က ထားဝယ် မြို့ စုပေါင်းရုံးမှာ ခေါ့ယူတွေ့ဆုံပြီး နေအိမ်တွေနဲ့ ပွဲရုံတွေကိုလာမယ့် ၂၁ ရက် နောက်ဆုံးထား အပြီးဖျက်ကြဖို့ အသိပေးလိုက်တာလို့ ဆိုပါတယ်။

“အဲနားကနေ PDF တွေ သူတို့ကို လာလာပစ်နေတော့ အဲ့နားနေတဲ့လူတွေလည်း ကြံရာပါပဲဆိုပြီးလုပ်တာ၊ကျွန်မ တို့က ဘယ်သူနဲ့မှ ပူးပေါင်းနေတာမရှိဘူး၊ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေကြတာ” လို့ စောမိညို လမ်းထဲ နေထိုင်တဲ့ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။ 

ထားဝယ်မြို့တောင်ဘက်ခြမ်း မြို့အပြင်ဘက်မှာရှိတဲ့ အဲ့ဒီစောမိညိုလမ်းနားကနေ ဒေသကာကွယ်ရေးတပ် ဖွဲ့ဝင်တချို့က မြို့ပေါ် ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြောက်ကျားတိုက်ခိုက်တဲ့ဖြစ်စဉ် တချို့ ရှိခဲ့ဖူးပြီး ဒီလိုတိုက်ခိုက်မှုတွေကိုအကြောင်းပြဖျက်သိမ်းခိုင်းတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက်ပိုင်းကတော့ စောမိညိုလမ်း အနီးအနားဝန်းကျင်ကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုး ရှာဖွေတာတွေလုပ်ခဲ့ပြီး စောမိညိုလမ်းထဲက နေအိမ်တွေမှာလည်း ဝင်ရောက်စစ်ဆေးတာ၊ တန်ဖိုး ရှိပစ္စည်းတချို့ ယူသွားတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စောမိညိုလမ်းထဲမှာတော့ နေအိမ် ငါးဆယ်ကျော်လောက်အပြင် ကွမ်းသီးခြောက်ပွဲရုံ၊ ကြက်ခြံနဲ့ ဆန်စက် တွေလည်း ရှိနေတာပါ။ 

“အဲမှာအိမ်ဆောက်နေတဲ့လူတွေက တနေ့လုပ်တနေ့စား၊ ဆင်းရဲသားတွေများတယ်၊ (ပြီးခဲ့တဲ့)နှစ်သုံးဆယ် လောက်က နေလာတဲ့လူတွေတောင်ရှိတာ၊ ဖျက်ပြီးရင် အိမ်လည်းငှားမနေနိုင်တဲ့လူတွေများတယ်” လို့လည်း အထက်ပါ အမျိုးသမီးက ပြောပါတယ်။ 

သတ်မှတ်ရက်အတွင်း နေအိမ်မဖျက်ဘဲ ဆက်လက်နေထိုင်တဲ့သူတွေကို ဖမ်းဆီးထောင်ချမယ်ဆိုပြီး စစ်ကောင်စီဌာနဆိုင်ရာတာဝန်ရှိသူတွေက အစည်းအ  ဝေးမှာ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 

“ကျွန်မတို့ကတော့ မဖျက်ဘဲထားထားလိုက်မလို့၊ သူတို့ ဘူဒိုဇာတွေနဲ့ လာထိုးဖြိုရင်လည်း ခံရမှာပဲ၊ တာလ ပတ်မိုးပြီးပဲ လိုက်နေမှရမှာ၊ အိမ်လည်းမငှားနိုင်ဘူး” လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

စောမိညိုလမ်းထဲက အဲဒီနေအိမ်တွေဟာ လယ်ယာမြေပေါ်မှာ ဆောက်လုပ်ထားလို့ဆိုကာ တလအတွင်း ဖျက် သိမ်း ပေးဖို့နဲ့ မဖျက်ရင် တရားစွဲဆိုမယ်လို့ ဒီချုပ်အစိုးရလက်ထက် ၊ ၂၀၂၀ ခုနှစ်တုန်းကလည်း ညွှန်ကြားခဲ့ဖူးပါတယ်။ 

ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ဒေသခံတွေက ပြောင်းရွှေ့နေထိုင်ဖို့ နေစရာမရှိတဲ့အကြောင်း အသနားခံစာ တင်ပြီး ဆက်လက်နေထိုင်နေခဲ့ကြတာလို့ သိရပါတယ်။