ဖေဖော်ဝါရီ၊ ၁၆
ကောလင်းမြို့ပေါ်နေရာအများစုကို ထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ မြို့အနီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး စိုးမိုးနယ်မြေချဲ့ထွင်ဖို့ကြိုးစားလာတာကြောင့် တော်လှန်ရေးပူးပေါင်တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဒီနေ့မနက်ဆို မြို့ရဲ့ အရှေ့ဘက်မှာ တိုက်ပွဲဖြစ်နေတာ၊ အဓိက မြို့ပေါ်ရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပေါ့၊ မြို့ပေါ်ရပ်ကွက်သာမက ကျေးရွာတွေအထိ ရောက်အောင် နယ်မြေစိုးမိုးမှုရအောင် ဧရိယာချဲ့ထွင်နေတဲ့သဘော” လို့ ဒေသသတင်းတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution အဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
ဒါပေမယ့် လက်ရှိနှစ်ဖက် တိုက်ပွဲဖြစ်နေတဲ့ တည်နေရာကိုတော့ လုံခြုံရေးအရ အသေးစိတ်ဖြေကြားပေးဖို့ သူကငြင်းဆန်ပါတယ်။
Kawlin Revolution-KR လိုပဲ ဒေသတွင်း မြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Kawlin Info ကလည်း ကောလင်းမြို့တွင်း နေရာလေးခုလောက်ကို စစ်ကောင်စီတပ်တွေ ပြန်ထိန်းချုပ်ထားပေမယ့် မနေ့ညကရော ဒီကနေ့မနက်ပိုင်းကပါ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲလို့ အသိပေးထားပါတယ်။
“သူတို့ (စစ်တပ်)မြို့ကို ရသွားပြီးချင်း စစ်ကြောင်းထိုးတာ မဟုတ်ဘူး၊ အဲဒီနောက်ပိုင်း ငြိမ်နေတာ၊ ဒီနေ့ ၁၆ ရက်မနက်မှာမှ မြို့ပေါ် ၈ ရပ်ကွက်ကျော်လွန်ပြီးတော့မှ မြို့ပြင်ဧရိယာကို ထွက်ဖို့ ကြိုးစားလာတော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲထပ် ဖြစ်တာပါ” လို့ Kawlin Revolution အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က သုံးလလောက်ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ကောလင်းမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့နောက် အခုလ ဒုတိယပတ်အတွင်း မြို့ကို လက်လွှတ်လိုက်ရပြီဆိုတဲ့ သတင်းတွေ ပျံ့နေပေမယ့် မြေပြင်တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတွေကတော့ လက်ရှိအထိ နှစ်ဖက်တိုက်ပွဲတွေ ရှိနေဆဲပဲလို့ ပြောထားကြတာပါ။
“ကောလင်းမြို့ကို စခတွေ ပြန်ထိန်းချုပ်တာ မဟုတ်ပါဘူး သုံး၊လေးနေရာကိုတော့ ထိန်းထားနိုင်တယ် ကစားကွက် ပြောင်းလိုက်တာ”လို့ Kawlin Info ကဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်တွေ မြို့တွင်းကို ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီးနောက် မြို့တွင်းရပ်ကွက်တချို့မှာ မီးရှို့ဖျက်ဆီးခံရတာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာလည်း ကောလင်းမြို့ မင်းတဲကြီးရပ်ကွက်ကို မင်းခြမ်းအပိုင်းကနေ စတင်မီးရှို့ခဲ့ပြီး ရပ်ကွက်အတွင်း တပ်အင်အားတွေ ဖြန့်ချထားခဲ့သလို နေ့လယ် သုံးနာရီလောက်ကလည်း ကောလင်းမြို့အရှေ့ဘက်အထွက်က ကြူတောရွာကို မီးရှို့ခဲ့တယ်လို့ Kawlin Revolution က ဖော်ပြထားပါတယ်။
ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ ကတော့ စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ အနီးတဝိုက်ကျေးရွာတွေကို မီးရှို့တာ ဒရုန်းနဲ့ဗုံးကြဲတာ၊ မြို့တွင်းနဲ့ မြို့အနီးတဝိုက်ကို ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ကောလင်းမြို့အနောက်ဘက်က ဘိုးဘွားရိပ်သာကိုလည်း ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် ရိပ်သာထဲက ထမင်းစားဆောင် ထိခိုက်ပျက်စီးသွားတယ်လို့ ကောလင်း ပအဖ က ဓာတ်ပုံမှတ်တမ်းတချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အတောအတွင်း ဒေသခံ လူဦးရေ နှစ်သောင်းခွဲထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ကောလင်း ပအဖက အသိပေးထားပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးအတွင်း NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေအပါအဝင် ပူးပေါင်းတပ်တွေက ပထမဆုံး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ကောလင်းမြို့ကို စစ်ကောင်စီက အခုလ ၃ ရက်ကစပြီး အင်အားတထောင်ဝန်းကျင်လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာအနှံ့ကနေ ကြားဖြတ်တိုက်ခိုက်တာ၊ ခုခံတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပေမယ့် အခုလ ၁၂ ရက်နေ့မှာတော့ ကောလင်းမြို့တွင်း နေရာအများစုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ကောလင်းမြို့ပေါ် ရပ်ကွက် ၈ ခုကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး အဓိကကျတဲ့ ဌာနဆိုင်ရာ ရုံးနေရာတွေနဲ့ အကာအကွယ်ကောင်းတဲ့ နေရာတွေမှာ အင်အား ငါးရာနီးပါး တပ်စွဲထားတယ်လို့ မြေပြင်တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကောလင်းမြို့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြေပြင်စစ်ရေး တာဝန်ရှိသူတွေက အတည်ပြုသတင်းထုတ်ပြန်ထားတာ မရှိသေးသလို ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မြေပြင်တပ်ဖွဲ့တွေက DNA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ခရိုင်ရုံးအခြေစိုက်ရာ ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကောလင်းမြို့ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့နောက် NUG အစိုးရက မြို့ပြအုပ်ချုပ်ရေး တည်ထောင်တာနဲ့ နွေဦးဘဏ်ဖွင့်လှစ်ဖို့ အစရှိတဲ့ အပေါ်ယံကိစ္စတွေကိုသာ လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးလုပ်ငန်းအတွက် လိုအပ်တဲ့ စစ်ရေးပြင်ဆင်မှုတွေ ဆောင်ရွက်ရာမှာ အားနည်းချက်ရှိခဲ့လို့ပြန်ဆုတ်ပေးလိုက်ရပေမယ့် အင်အားသုံးပြန်သိမ်းပိုက်ဖို့ကြိုးစားမယ်ဆိုရင်လည်း အောင်မြင်နိုင်ချေရှိနေဆဲပဲလို့ ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“တိုက်ပွဲက အနိုင်ရှိသလို အရှုံးလည်း ရှိပါတယ်၊ ဒါနဲ့ပတ်သက်လို့ သိပ်ဝမ်းနည်းစရာ မရှိဘူး၊ နွေဦးတော်လှန်ရေးက ပြောင်းလဲသွားမှာမဟုတ်ဘူး၊ သင်ခန်းစာယူစရာတွေပဲ ရှိတယ်၊ တပြည်လုံးတောင် သိမ်းပိုက်ဖို့ အင်အားစုစည်းနေတာပဲ ကောလင်းလောက်ကတော့ ဘာမှ လွမ်းလောက်စရာမရှိပါဘူး၊ ပူးပေါင်းအားနဲ့ ရမှာပါ” လို့ သူက ပြောပါတယ်။
ဓာတ်ပုံ – ကောလင်းပကဖ