စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့မစျေးရှိ ဆိုင်ခန်းတချို့ မီးလောင်ပျက်ဆီး

ဖေဖော်ဝါရီ၊ ၁၆
 
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဆီဆိုင်မြို့အတွင်းကို မနေ့ကဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး စျေးဆိုင်ခန်း တချို့ မီးလောင်ပျက်ဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတဦးက ပြောပါတယ်။
 
“ စျေးရဲ့ အရှေ့တောင်ဖက်က ဆိုင်ခန်းတွေမီးလောင်သွားတယ် မြို့အတွင်း ကျန်ခဲ့တဲ့ လူတချို့ မီးဝိုင်းငြိမ်းပေးလိုက်ရတယ် ဘယ်လောက်အထိ မီးထဲပါသွားတယ်ဆိုတာတော့ သေချာမသိနိုင်သေးဘူး ” လို့ မြို့က စစ်ဘေးရှောင်နေရတဲ့သူက ဆီဆိုင်မြို့ အခြေအနေကို ပြောပါတယ်။
 
စျေးဆိုင်ခန်းပေါင်း ၅၀၀ ကျော်လောက်ရှိတဲ့ ဆီဆိုင်မြို့မစျေးကို ပအိုင်းဝ်တော်လှန်ရေး တပ်တွေနဲ့ စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပိတ်ထားခဲ့ရပြီး ဆိုင်ခန်းတွေအတွင်းရှိ ပစ္စည်းတွေကို တခြားနေရာကို ပြောင်းရွေ့ထားတာရှိသလို မပြောင်းရွေ့နိုင်သူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။
 
စစ်ကောင်စီနဲ့လက်အောက်ခံ ပအိုဝ်းပြည်သူစစ်အဖွဲ့တွေက မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ ဆိုင်ခေါက်ရွာဘုန်းကြီးကျောင်းနဲ့ ဘောလုံးကွင်းမှာ တပ်စွဲပြီး ဆီဆိုင်မြို့ကို နေ့စဉ်ဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။
 
လက်ရှိမှာလည်း တိုက်ပွဲအခြေအနေတွေကြောင့် ဆီဆိုင်မြို့ခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့အတွင်းကို ၀င်ထွက်ခွင့်မရှိတော့ဘူး လို့ ဒေသခံတွေကပြောပါတယ်။
 
ဒီလ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့နဲ့ မိုင်လေးဆယ်ကျော် ဝေးပြီး ဟိုပုံးမြို့နယ်စပ်မှာရှိတဲ့ ပဆျားကလို ရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား ပြည်သူ နှစ်ဦး သေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော်(PNLA) ကဆိုထားပါတယ်။
 
ဒါအပြင် မနေ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူစစ်ပူးပေါင်းအဖွဲ့တွေက ဆီဆိုင်မြို့မြောက်ဘက်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေကို ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်အုပ်စုဖက်မှာ ပြည်သူစစ်အဖွဲ့၀င် နှစ်ဦးသေဆုံးပြီး မူးယစ်ဆေးဝါး အထုပ် လေးထုပ်အပြင် ခဲယမ်းနဲ့ ကျည်ဆံတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပအိုဝ်းတပ်က ထုတ်ပြန်ထားပါတယ်။
 
လက်ရှိ ဆီဆိုင်မြို့တွင်းအခြေအနေတွေနဲ့ တိုက်ပွဲခြေနေတွေကို အသေးစိပ်သိရဖို့ PNLA ကိုဆက်သွယ်နေပေမယ့် လက်တလော ဆက်သွယ်လို့မရသေးပါဘူး။
 
တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်မတိုက်ခိုက်နိုင်တဲ့အတွက် မြို့တွင်းကို လက်နက်ကြီးတွေ အပြင် လေကြောင်းကတဆင့် နေ့စဉ်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေ အပါအ၀င်နေအိမ်အဆောက်အဦးတွေပါ ထိခိုက်ပျက်ဆီးနေတာလည်းဖြစ်ပါတယ်။
 
ဓာတ်ပုံ – PNLA/Social Media