မြေပုံမြို့ကို AA သိမ်းပိုက်၊ သုံးလအတွင်းမြို့နယ် ၆ ခုရရှိထား

ဖေဖော်ဝါရီ၊ ၁၆
 
ရက္ခိုင့်တပ်တော် (AA)က မြေပုံမြို့ကို သိမ်းပိုက်ခဲ့တာကြောင့် သုံးလအတွင်း ရခိုင်နဲ့ ချင်းပြည်နယ်မှာ မြို့နယ် ၆ ခုကို ရရှိထားပြီ ဖြစ်ပါတယ်။
 
မြေပုံမြို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများ သိမ်းပိုက်ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ AA က ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
 
မြေပုံမြို့ပေါ်မှ ဝန်ထမ်း​​​တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာ ဖေဖော်ဝါရီ ၁၂ ရက်က မြို့ကို စွန့်ခွာသွားခဲ့ပါတယ်။
 
စစ်ကောင်စီ ရေတပ်စစ်ရေယာဉ်နဲ့ ကျောက်ဖြူမြို့ကိုခေါ်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
 
ရက္ခိုင့်တပ်တော်ရဲ့ သုံးလတာ စစ်ဆင်ရေးအပြီးမှာ ချင်းပြည်နယ်ပလက်ဝ၊ ရခိုင်​​ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ မြို့နယ်တွေကို သိမ်းပိုင်ရရှိထားတာ ဖြစ်ပါတယ်။
ဒါ့အ​​​ပြင် ပလက်ဝ​မြို့နယ် ဆမီးမြို့၊ မောင်​တောမြို့နယ် တောင်ပြို​​မြို့၊ အမ်းမြို့နယ် တပ်တောင်၊ ကမ်းထောင်းကြီးနဲ့ လေးတောင် စတဲ့မြို့တွေကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
 
ရခိုင်​ဒေသရှိ လက်ကျန်မြို့များမှ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို တစ်ခုမျှမကျန်စေရဆိုတဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
အခြားတစ်ဖက်မှာလည်း စစ်ကောင်စီအနေနဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲနေရတယ်လို့ ဆိုပါတယ်။
 
“မကြာဘူး အကုန်သိမ်းနိုင်မှာ၊ စစ်တွေကိုတောင် လက်နက်ချဖို့ သတိပေးထားတယ်ကြားတယ်” လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
 
လက်ရှိမှာ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဓာတ်ပုံ – AA Info Desk