လက်နက် အထောက်အပံ့တွေ နှောင့်နှေးနေရင် အက်ဒ်ဒစ်ဗ်ကာမြို့ကို ယူကရိန်း လက်လွှတ်ရနိုင်ခြေရှိ

ဖေဖော်ဝါရီ၊ ၁၆

လက်နက်ခဲယမ်းတွေ အလျင်အမြန် မထောက်ပံ့နိုင်ဘူးဆိုရင် ယူကရိန်းပိုင် အက်ဒ်ဒစ်ဗ်ကာမြို့ဟာ ရုရှားလက်ထဲ ကျရောက်သွားနိုင်တယ်လို့ အမေရိကန်က သတိပေး ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ဖျား စစ်မြေပြင်မှာ တည်ရှိတဲ့ စက်မှုလက်မှု လုပ်ငန်း ထွန်းကားရာမြို့ဟာ လောလောဆယ် ရုရှားတပ်တွေရဲ့ ဝန်းရံ တိုက်ခိုက်မှုကို ကြံ့ကြံ့ ခံနေရပါတယ်။ တဖက်မှာလည်း ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီကနေ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက် အထောက်အပံ့ ရရှိမှုတွေ လျော့ပါးလာတဲ့ အခြေအနေကြောင့် ရုရှားထိုးစစ်ကို ကြံ့ကြံ့ခံဖို့ ရုန်းကန်လာရပါတယ်။

အက်ဒ်ဒစ်ဗ်ကာဟာ ရုရှားလက်ထဲ ကျရောက်သွားနိုင်တဲ့ ခြိမ်းခြောက်မှုကို လက်တွေ့ကျကျ ရင်ဆိုင်နေရပြီလို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။ တကယ်လို့ ယူကရိန်းရဲ့ ခဲယမ်းမီးကျောက် ပြတ်လပ်မှုကို အမြန်ဆုံး ထိထိရောက်ရောက် ကုစားမပေးနိုင်ဘူးဆိုရင် မြို့ကို သေချာပေါက် လက်လွှတ်ရလိမ့်မယ်လို့လည်း သူက သတိပေး ထောက်ပြခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ မြို့ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံတွေရဲ့ အသက်တွေကို ရနိုင်သမျှ ကယ်ဆယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောပါတယ်။ အက်ဒ်ဒစ်ဗ်ကာမြို့ တဝိုက်မှာ ရုရှားရဲ့ ထိုးစစ်ဟာ တောက်လျှောက် အခြေအနေ ကောင်းနေပြီး မြို့ကို ပတ်ပတ်လည် ဝန်းရံနိုင်ဖို့ အလေးသာလာနေပါတယ်။

ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့ရေးကိစ္စ အမေရိကန် အစိုးရရဲ့ အဆိုပြုချက်ဟာ အတိုက်အခံတွေရဲ့ ဟန့်တားမှုကြောင့် လပေါင်းအတော်ကြာ ကြန့်ကြာနေပြီး အခုသီတင်းပတ်ထဲမှာတော့ အထက်လွှတ်တော် ခွင့်ပြုချက်ကို ရသွားပါပြီ။ ဒါပေမဲ့ အောက်လွှတ်တော် မဲခွဲမှုကို ခံယူရတဲ့ အဆင့်မျိုးကို ဆက်ပြီး ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

ဒေသတွင်းက အချက်အခြာ မြို့ကြီးဖြစ်တဲ့ ဒွန်းညက်စ်ခ်နဲ့ ဆက်သွယ်ရာ လမ်းကြောင်းမှာ တည်ရှိတဲ့ အက်ဒ်ဒစ်ဗ်ကာမြို့ဟာ အခုဆိုရင် တမြို့လုံးလိုလို ပျက်စီးနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ယူကရိန်းဟာ စစ်ပွဲကို အရှိန်မပျက် ဆက်လက် ဆင်နွှဲဖို့ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်နဲ့ ခဲယမ်းတွေကို အကြီးအကျယ် မှီခိုနေရပြီး အခုလို နှောင့်နှေးမှုတွေကြောင့် စစ်ဆင်ရေး ကဏ္ဍမှာ အကြီးအကျယ် ထိခိုက်မှုတွေ ကြုံလာစေတာလည်း ဖြစ်ပါတယ်။

 

Ref: BBC