ပေါင်မြို့နယ်ဒေသခံအမျိုးသားတဦးကို PDF လို့စွပ်စွဲပြီး စစ်တပ်က ပစ်ခတ်ဖမ်းဆီး

ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရေတွင်းကုန်းရွာက အမျိူးသားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲ ကာ မနေ့ ညနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်ကနေ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညက ပစ်သံလည်း မကြားရဘူး၊ မနက်က အိမ်တံခါးဖွင့်နေတာ တွေ့လို့ သွား ခေါ်တော့ အိမ်ပေါ်မှာ သွေးတွေ အများကြီး တွေ့ရတာ၊ အုပ်ချုပ်ရေးမှူးပြောတာတော့ စစ်သား ဖမ်းသွားတယ်တဲ့” လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံ တဦးက DNA ကို ပြောပါတယ်။

 ပစ်ခတ်ဖမ်းဆီးခံရသူဟာ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ရေတွင်းကုန်းရွာသား ကိုသန်းဝင်းအောင်ဖြစ် ပြီးဝမ်းဗိုက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာတချက်ရရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“ဘယ်ကို ဖမ်းသွားလဲတော့ မသိရဘူး၊ သူ့ဒဏ်ရာတော့ စိုးရိမ်ရတယ်ပဲ ကြားထားတာ” လို့ အထက်ပါဒေသခံက ပြောပါတယ်။

ဒေသခံတွေအဆိုအရ ကိုသန်းဝင်းအောင်ဟာ တဦးတည်းနေထိုင်သူဖြစ်ပြီး နေအိမ်မှာ အမြဲတမ်းနေထိုင်ခြင်း မရှိ ဘဲ မကြာခဏခရီးထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ ကိုသန်းဝင်းအောင်ကို PDF တပ်ဖွဲ့ဝင်အဖြစ်ဖော်ပြကြပြီး သူ့ကိုဖမ်းဆီးချိန်မှာ နေအိမ်ကနေ ပစ္စတိုသေနတ်တလက်ပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ ကိုသန်းဝင်အောင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့ ပေါင်မြို့နယ်အတွင်း လှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ DNA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက် ခံဖြေကြားပေးခြင်းမရှိသေးပါဘူး။

“ဒီဘက်တော့ တခါတလေ PDF တွေ ဝင်ထွက်တာ ရှိတာတော့ ရှိတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ပေါင်မြို့နယ် ကုလားမတောင် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရေတွင်းကုန်းရွာဟာ အိမ်ခြေ ၇၀ ဝန်းကျင် လူဦးရေ ၆၀၀ နီးပါးရှိတဲ့ ရွာငယ်တခုဖြစ်ပြီး ကရင်တိုင်းရင်းသားအများစုနေထိုင်ကြတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၁၀၅ ဦးသတ်ဖြတ်ခံထားရပြီး ၉၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်က ထုတ်ပြန်ထားပါတယ်။