EPS-TOPIKစာမေးပွဲအတွက်​ မှတ်ပုံတင်ကြေး လေးဒေါ်လာတိုး

ဖေဖော်ဝါရီ၊ ၁၄

ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK)ဖြေဆိုမယ့်သူတွေဆီက ကောက်ယူမယ့်မှတ်ပုံ တင် ကြေးကို အရင်နှစ်တွေကထက် လေးဒေါ်လာတိုးမြှင့်ထားတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒီနှစ်အတွက် EPS-TOPIKစာမေးပွဲမှတ်ပုံတင်ကြေးကို အရင်နှစ်တွေက တဦးကို  ၂၄ ဒေါ်လာသတ်မှတ်ကောက် ယူခဲ့ပြီး အမျိုးသမီးတွေကိုပါဝင်ဖြေခွင့်ပြုထားတာကြောင့် ဖြေဆိုမယ့်သူတိုးလာမယ့် အခုနှစ်မှာတော့ တဦးကို ၂၈ ဒေါ်လာ ပေးသွင်းရမယ်လို့ တိုးမြှင့်ပြင်ဆင်လိုက်တာပါ။

“မှတ်ပုံတင်ကြေးတိုးမှာကိုတော့ကြိုမသိထားဘူး၊အခုထုတ်ပြန်မှသိရတာ၊ စာမေးပွဲကျင်းပတဲ့သူတွေအတွက် က တော့ ဝင်ငွေတိုးတာပေါ့”လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတဦးကပြောပါတယ်။

EPS-TOPIKစာမေးပွဲကို ကိုရီးယားဘက်ကအလုပ်ရှင်ကိုယ်စားပြုအဖွဲ့(HRD-Korea)နဲ့ မြန်မာဘက်က POEAတို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ရရှိတဲ့မှတ်ပုံတင်ကြေးကို အချိုးကျခွဲယူတာဖြစ်တယ်လို့ စစ်ကောင်စီအလုပ်သမားညွန် ကြားရေးဦးစီးဌာန အရာရှိတဦးကရှင်းပြပါတယ်။

ဒါ့အပြင် စာမေးပွဲမှတ်ပုံတင်ကြေးကို မြန်မာကျပ်ငွေနဲ့လည်းပေးသွင်းနိုင်တယ်လို့ဖော်ပြထားပြီး ပြင်ပဒေါ်လာ ပေါက်စျေးနဲ့သွင်းရမလား၊ ဗဟိုဘဏ်ပေါက်စျေးနဲ့သွင်းရမလားဆိုတာကိုတော့ POEAထုတ်ပြန်ချက်မှာ ရှင်းရှင်း လင်းလင်းဖော်ပြထားတာမရှိပါဘူး။

ဒါပေမယ့် ၂၀၂၂ခုနှစ်ကပြုလုပ်ခဲ့တဲ့ EPS-TOPIKစာမေးပွဲတုန်းကလည်း မှတ်ပုံတင်ကြေးကို မြန်မာကျပ်ငွေနဲ့လည်း ပေးသွင်းနိုင်တယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ ဒေါ်လာနဲ့ပဲ လက်ခံတာကြောင့် အခက် ကြုံခဲ့ရဖူးတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။

“ထုတ်ပြန်တိုင်းလည်းယုံရတာမဟုတ်ဘူး၊ပြီးခဲ့တဲ့အကြိမ်တုန်းကလည်း ကျပ်ငွေနဲ့ရတယ်ဆိုပြီးတကယ့်တကယ် မရတော့ ဒေါ်လာကိုမနည်းလိုက်ရှာဝယ်ပြီးလဲကြရတယ်”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂က အမေရိကန်ဒေါ်လာပြင်ပပေါက်စျေးက ၂၅၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး လက်ရှိမှာ ၃၆၀၀ကျပ်နီးပါးရှိ နေတာကြောင့် ကျပ်တထောင်လောက်ကွာဟသွားသလို  သတ်မှတ်နှုန်းထားကလည်း ပိုမြင့်တက်လာတာကြောင့် စာမေးပွဲဖြေဆိုမယ့်အလုပ်သမားတွေကုန်ကျမယ့် ငွေပမာဏ ပိုများသွားစေတယ်လို့ အဲဒီစာမေးပွဲဖြေဆိုဖို့ ပြင်ဆင် နေသူတချို့ကဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားသောင်းနဲ့ချီ မှတ်ပုံတင်ကြေးပေးသွင်းဖို့ ​နိုင်ငံခြားငွေလိုက်လဲရမှာကြောင့်ငွေ စျေးကစားတာ တွေရှိလာနိုင်တယ်လို့သူတို့ကပြောပါတယ်။

ပြီးခဲ့တဲ့ EPS-TOPIKစာမေးပွဲမှာ ဖြေဆိုဖို့လျှောက်ထားသူ ငါးသောင်းနီးပါးရှိခဲ့ပြီး ဒီနှစ်မှာ အမျိုးသမီးတွေပါ ဖြေဆို ခွင့်ပေးထားလို့ လျှောက်ထားသူပိုများဖို့ရှိတယ်လို့ လည်းသူတို့ကခန့်မှန်းထားပါတယ်။

အမျိုးသမီးလုပ်သားတွေအနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုခွင့်ကို ဒီနှစ်မှာပထမဆုံးရရှိတာ လည်းဖြစ်ပါတယ်။

အဲဒီ EPSTOPIKစာမေးပွဲအတွက်ဖြေဆိုခွင့်လျှောက်ထားတာကိုမတ်လ၄ရက်ကနေ၁၀ရက်အထိလက်ခံမှာဖြစ်ကာ လုပ်ငန်းအမျိုးအစားအလိုက် ဧပြီ၂၄ကစပြီး စာမေးပွဲကျင်းပသွားမှာလို့ POEAကကြေညာထားပါတယ်။ လက်ရှိတောင်ကိုရီးယားနိူင်ငံ မှာ EPSစနစ်နဲ့မြန်မာလုပ်သား ခုနှစ်သောင်းနီးပါးရောက်ရှိလုပ်ကိုင်နေတယ်လို့ ဌာန ဆိုင်ရာမှတ်တမ်းတွေအရသိရပါတယ်။