ဖေဖော်ဝါရီ၊ ၁၄
ပြည်ပကို အလုပ်သမားစေလွှတ်ဖို့ တဖက်နိူင်ငံက ခေါ်စာအသစ်တင်တာတွေ ရပ်နားထားဖို့ ညွန်ကြားမှုတွေ ရှိလာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းဆီက သိရပါတယ်။
စစ်ကောင်စီကနေ အလုပ်ခေါ်စာ အသစ်တင်တာ ရပ်ဖို့ပြောထားပြီး ခေါ်စာကျထားပြီး သူတွေသက်ဆိုင်ရာ နိုင်ငံဆီ ထွက်ခွင့်ရမရဆိုတာလည်း မသေချာဘူးလို့ အမည်မဖော်လိုတဲ့ အေဂျင်စီလုပ်ငန်းရှင်တဦးက ဆိုပါတယ်။
” Demandအသစ်တွေတော့ မတင်နဲ့ ရပ်ထားဦးလို့ ပြောတယ်ပဲ။ တရားဝင်ညွန်ကြားချက်တော့ ထွက်မလာသေးဘူး။ အဆင်သင့်ဖြစ်နေသူတွေ ထွက်ခွင့်ရ မရဆိုတာကလည်း မသေချာဘူး” လို့ ပြောပါတယ်။
အဲဒီလို အလုပ်ခေါ်စာတွေ ရပ်လိုက်ပြီဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ပြည်ပအလုပ်သမားစေလွှတ်မှုတွေကိုပါ စစ်ကောင်စီက ထိန်းချုပ်လာတဲ့အတွက် အေဂျင်စီတွေကြားမှာလည်း အကြပ်တွေ့နေကြတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မူထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွင့်ပိတ်ခံရမှာကို စိုးရိမ်နေရချိန်မှာပဲ အခုလို သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပနိုင်ငံတွေဆီက ဗီဇာလျှောက်ထားခွင့်ကိုပါ မပေးတော့ဘူးဆိုတဲ့ သတင်းတွေလည်း ဆက်လက်ထွက်ပေါ်နေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၀၀ ကျော်ရှိပြီး တလကို အလုပ်သမား တသောင်းနီးပါး စေလွှတ်နေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Social Media