ကျောက်တော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်ရာချီ AA ထပ်ရ

ဖေဖော်ဝါရီ၊ ၁၄
 
ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် တပ်မဌာနချုပ်နဲ့ တပ်ရင်းသုံးခုတို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ရာမှာ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်မျိုးစုံကို AA က ဒီကနေ့ ထုတ်ပြန်ပြသလိုက်ပါတယ်။
 
ထုတ်ပြန်လာတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ လက်နက်ငယ်ရာချီ ရှိနိုင်ပြီး လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေလည်း အများအပြား ပါဝင်တာ တွေ့ရပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ ကျောက်တော်မြို့အခြေစိုက် စကခ (၉) တပ်မဌာနချုပ်၊ ခြေမြန်တပ်ရင်း တွေဖြစ်တဲ့ ခမရ (၃၇၄)၊ (၃၇၅)၊ (၃၇၆) တို့ကို အခုလဆန်းမှာအ ပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ ကျောက်တော်တမြို့လုံးကို သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
 
ကျောက်တော်မြို့ကို အလုံးစုံသိမ်းပိုက်ခဲ့ပြီးနောက် AA တပ်ဖွဲ့ဝင်တွေ မြို့အတွင်းဌာနဆိုင်ရာရုံးတွေနဲ့ အထင်ကရနေရာတချို့မှာ နေရာယူထားတဲ့ မှတ်တမ်းဓာတ်ပုံတချို့ကိုလည်း မနေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။
 
ရခိုင့်တပ်တော် AA ဟာ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံမှုတွေကြားက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့တွေကို အခုလဆန်းမှာ ဆက်တိုက်ဆိုသလို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
 
ကျောက်တော်မြို့နယ်ထဲမှာ အခုလ ၇ ရက်နဲ့ ၈ ရက်တို့က ရေကြောင်းတိုက်ပွဲအနေနဲ့ နောက်ဆုံးအကြိမ် တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရေယာဉ်သုံးစီးကိုတိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့သလို နောက်ထပ် သင်္ဘောလေးစီးကိုလည်း အထိနာစေခဲ့တယ်လို့ AA က ဆိုထားပါတယ်။
 
ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့သုံးခုလုံးက စစ်ကောင်စီစခန်းတွေအားလုံးကို စတင် ထိုးစစ်ဆင်ချိန်ကနေ နောက်ဆုံးစခန်းသိမ်းတိုက်ပွဲတွေအထိ တလကျော်ကြာ တိုက်ခိုက်ခဲ့ရတယ်လို့ AA ကဆိုထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk