ဖေဖော်ဝါရီ၊ ၁၄
အက်စ်တိုးနီးယား ဝန်ကြီးချုပ်ကို ရုရှားက ရာဇဝတ်ကြောင်းအရ အလိုရှိတဲ့ စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။
နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ရှိနေတယ် ဆိုပေမယ့် နိုင်ငံခေါင်းဆောင် တဦးကို အခုလိုမျိုး ရာဇဝတ်ကြောင်းအရ အလိုရှိတယ်လို့ သတ်မှတ်တဲ့ ကိစ္စမျိုးကတော့ ကြုံတောင့်ကြုံခဲ အခြေအနေလို့ ဆိုနိုင်ပါတယ်။
ရုရှားက အက်စ်တိုးနီးယား ဝန်ကြီးချုပ် ကာဂျာ ကာလက်စ်ဟာ ရုရှားအပေါ် ရန်လိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံရေး လှုံ့ဆော်မှု သဘောထားနဲ့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ရုရှားဖက်က ပစ်မှတ်ထားမှုကို ခံရတဲ့ထဲမှာ ဝန်ကြီးချုပ်သာ မကဘဲ အက်စ်တိုးနီးယား နိုင်ငံခြားရေး ဝန်ကြီး တီမာ ပီတာကော့ပ်၊ လစ်သူယေးနီးယား ယဉ်ကျေးမှု ဝန်ကြီး ဆီမိုနက်စ် ကိုင်ရီစ်တို့လည်း ပါဝင်ပါတယ်။ အဲဒီ လူပုဂ္ဂိုလ်တွေဟာ ဆိုဗီယက်ခေတ် အမွေအနှစ် ရုပ်တုတွေ၊ အထိမ်းအမှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေတာ၊ ဖျက်ဆီးတာတွေ ကျူးလွန်နေတယ်လို့လည်း ရုရှားရဲ့ Tass သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရုရှားဖက်က အဲဒီလို စွဲချက်မျိုး တင်ထားတယ် ဆိုတာကို ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က သတင်းထောက်တွေဆီ အတည်ပြုချက် ပေးခဲ့ပေမယ့် ဘယ်လို အခြေအနေကြောင့် ရာဇဝတ်မှု မြောက်တယ်လို့ စွပ်စွဲသလဲ ဆိုတာကိုတော့ ရှင်းပြမသွားခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ယူကရိန်း နိုင်ငံကို ရုရှားတပ်တွေ စတင် ကျူးကျော်ခဲ့ပြီး မကြာခင်မှာပဲ ကာလက်စ်က ပြည်တွင်းမှာ ရှိနေတဲ့ ဆိုဗီယက်လက်ကျန် အငွေ့အသက်တွေ၊ အမွေအနှစ်တွေ အားလုံးကို ဖယ်ရှားပစ်မယ်လို့ ကြေညာခဲ့ပါတယ်။
ကာလက်စ်ဟာ ရုရှား ပြည်ထဲရေး ဝန်ကြီးဌာနက အလိုရှိကြောင်း စာရင်း ထုတ်ပြန်ခံရတဲ့ ပထမဆုံး နိုင်ငံခေါင်းဆောင် တဦးလည်း ဖြစ်လာပါတယ်။ ဒါပေမဲ့ လက်တွေ့ ဖမ်းဆီးဖို့ ဆိုတာထက် ခါးသီးမှုကို ပြသတဲ့ သဘောသက်သက်ထက် မပိုနိုင်ပါဘူး။
ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ခြင်းက အက်စ်တိုးနီးယားကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဒုတိယ ပစ်မှတ် ဖြစ်လာမှာကို စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Ref: CNN