ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးနောက်တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ

ဖေဖော်ဝါရီ၊ ၁၃

ရခိုင်ပြည်နယ်ကျောက်တော်မြို့က စစ်ကောင်စီတပ်မဌာနချုပ်န့ တပ်ရင်းစခန်းတွေအပါအဝင် မြို့ကိုအလုံးစုံ သိမ်း ပိုက်ခဲ့ပြီးနောက် AA တပ်ဖွဲ့ဝင်တွေ မြို့အတွင်းနေရာယူထားတဲ့ မှတ်တမ်းဓာတ်ပုံတချို့ကို ရခိုင့်တပ်တော် AA က ဒီက နေ့ထုတ်ပြန်လာပါတယ်။

ရခိုင့်တပ်တော် AA ဟာ စစ်ကောင်စီရဲ့ ကြည်း၊ရေ၊လေ ပူးပေါင်းခုခံမှုတွေကြားက ကျောက်တော်၊မြောက်ဦး၊ မင်းပြား မြို့တွေကို အခုလဆန်းမှာ ဆက်တိုက်ဆိုသလို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်ထဲမှာ အခုလ ၇ရက်နဲ့ ၈ရက်တို့က ရေကြောင်းတိုက်ပွဲအနေနဲ့ နောက်ဆုံးအကြိမ်တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရေယာဉ်သုံးစီးကိုတိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့သလို နောက်ထပ် သင်္ဘောလေးစီးကိုလည်း အထိနာစေခဲ့တယ်လို့ AAကဆိုထားပါတယ်။

ကျောက်တော်၊မြောက်ဦးနဲ့မင်းပြားမြို့သုံးခုလုံးက စစ်ကောင်စီစခန်းတွေအားလုံးက ရခိုင့်တပ်တော် က စတင် ထိုးစစ်ဆင်ချိန်ကနေ နောက်ဆုံးစခန်းသိမ်းတိုက်ပွဲတွေအထိ တလကျော်ကြာ တိုက်ခိုက်ခဲ့ရတာပါ။