ဝေါမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ ပြန်မလွတ်သေး

ဖေဖော်ဝါရီ၊ ၁၃
 
ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသွားတဲ့ အရပ်သား နှစ်ဆယ့်လေးဦးကို တပတ်ကြာအထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
“တယောက်မှ ပြန်မလွတ်သေးဘူး၊ သွားတွေ့လည်း မရဘူး၊ ဖမ်းထားတဲ့နေရာတော့ သိတယ်၊ အခုဆို တပတ်ရှိပြီးပေါ့၊ ဘာမှမဆိုင်တဲ့ သာမန်အရပ်သား အမအဒေါ်ကအစ ခေါ်သွားတာ ပြန်မလွတ်ပေးဘူး” လို့ ဖမ်းဆီးခံထားရတဲ့သူနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ဝေါမြို့နယ် အရှေ့ဘက်ခြမ်း ပုဂံရွာက ကိုးဦး၊ အောက်ကွေ့ကျေးရွာ အမျိုးသမီးနှစ်ဦး၊ မြကုန်းရွာ အမျိုးသမီးနှစ်ဦး၊ ဆပ်သွားချုံကျေးရွာ အမျိုးသားနှစ်ဦး၊ အုပ်ဖိုကျေးရွာ အမျိုးသားသုံးဦး အမျိုးသမီး ၂ ဦး၊ သံခွန်ကျေးရွာ အမျိုးသမီးတဦး၊ ဝေါမြို့ပေါ်မှ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်းနှစ်ဆယ့်လေးဦး ဖမ်းဆီးခံထားရတာပါ။
 
သူတို့အားလုံးဟာ အသက် သုံးဆယ်ဝန်းကျင်ကနေ အသက် ၆၀ နှစ်ကြား ရှိသူတွေဖြစ်ကြပြီး ဖေဖော်ဝါရီလ ၇ ရက် မနက် ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ကျေးရွာထဲကို ဝင်ရောက်လာပြီး အမည်စာရင်းအတိအကျနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
 
ဖမ်းဆီးခံထားရတဲ့သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ ရပ်ကျေးအလုပ်အမူဆောင်တွေ၊ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတချို့ပါဝင်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သူတွေကို ဝေါမြို့နယ် ဘောနပ်ကြီးကျေးရွာမှာ ရှိတဲ့ အမြောက်တပ် စစ်ကြောရေးမှာ ဖမ်းဆီးချုပ်နှောင်ထားကာ စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး တဦးမှ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
 
“အဓိက အငြိုးနဲ့ လုပ်တာပေါ့၊ ဒီလို မဖမ်းခင်မှာ တော်လှန်ရေးအဖွဲ့တခုက ဒလန်တဦးကို ရှင်းလင်းလိုက်တာ၊ အဲဒီကနေ စတာပဲ ဖမ်းဆီးတာက၊ ဖမ်းတော့လဲ NLD က လူတွေနဲ့ အောင်နိုင်ရေးမှာ ပါတဲ့သူကိုပဲ အဓိက ဖမ်းတာလေ” လို့ ဝေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ဝေါမြို့နယ်အရှေ့ခြမ်းက အညာစုကျေးရွာ ၂၃ ဦး၊ ဝိုင်းပတ်ကျေးရွာမှ ၂ဦးနဲ့ ပုဂံကျေးရွာမှ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီးနောက် ၂၀ ဦးကို ပြန်လွတ်ခဲ့ပေမယ့် ၇ ဦးကိုတော့ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
 
ဒါ့ကြောင့် ဝေါမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ အရပ်သား ၃၁ ဦးရှိပြီး သူတို့အားလုံးအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဖမ်းဆီးခံထားရတဲ့သူနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
 
“အိမ်ကလူတွေ အကုန်လုံး ရွာထဲကရော ကြောက်လန့်ပြီး တုန်လှုပ်ခြောက်ခြားနေကြတာပေါ့၊ အဆက်အသွယ်လည်းမရဘူး၊ ပေးလဲမတွေ့ဘူး၊ ဖုန်းနဲ့လည်း ပေးမပြောဘူး၊ ဘယ်လိုမှ ဆက်သွယ်မရဘဲနဲ့ ဒီတိုင်းကြီးကို ငုတ်တုတ်ကြီး ကူကယ်ရာမဲ့နေကြတာ” လို့ သူက ပြောပါတယ်။
 
စစ်ကောင်စီက ဘာကြောင့် ဒေသခံအရပ်သားတွေကို ဖမ်းဆီးသွားတာကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို ဖုန်းနဲ့သုံးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
 
ဝေါမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ အခုဖမ်းဆီးထားတဲ့သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပတ်သက်ဆက်နွယ်မှုရှိပြီး တော်လှန်ရေးအင်အားစုတွေဘက်ကို သတင်းပေးနေကြသူတွေဖြစ်လို့ ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“NLD အဖွဲ့တွေကို ဖမ်းထားတာတဲ့၊ ဟိုဘက်အဖွဲ့နဲ့ ဆက်သွယ်တဲ့ကိစ္စတွေပေါ့၊ စစ်တပ်ဘက်က တိုက်ရိုက် ကိုင်တွယ်စစ်ဆေးနေတာ၊ ချက်ချင်းပြန်လွှတ်ဖို့ အလားအလာတော့ မကြားမိသေးဘူး” လို့ ဝေါမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အခုဖမ်းဆီးထားတဲ့သူတွေထဲက အများစုကို အကြမ်းဖက်ဥပဒေပုဒ်မတွေ အမှုဖွင့်အရေးယူဖို့ စီစဉ်ထားသလို စစ်ဆေးမှုလုပ်ငန်း ပြီးစီးပါက တချို့ကို ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသူ (၂၆၀၅၆) ဦးရှိပြီး အဲဒီထဲက ၂၀၀၈၇ ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈၇၈၁ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေဘက်ကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး ဒေသခံအရပ်သားတွေကို ဖမ်းဆီးမှုတွေ ဆက်ရှိနေပေမယ့် လူဦးရေဘယ်နှစ်ယောက် ထပ်မံဖမ်းဆီးခံထားရလဲဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးလို့ ဝေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
 
“၂၈ ရက်နေ့က ဖမ်းခံထားတဲ့ NLD ကောင်မလေးတယောက်ဆို ရွာမှာ လာဖမ်းကတည်းက မျက်လုံးကို အဝတ်မဲစည်းပြီးတော့ စစ်ဗိုလ်က ရိုက်နှက်ထားတာ ပါးနားတွေမှာ သွေးပါထွက်တယ်၊ အခုလဲ ဝင်ဖမ်းနေပြန်ပြီးလေ၊ ရွာကလူတွေ အကုန်လုံးကြောက်လန့်နေကြတာ” လို့ သူက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media