ဖေဖော်ဝါရီ ၊ ၁၃
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်နေပေမယ့် အောင်မြင်မှုမရဘဲ ပြန်ဆုတ်သွားရတယ်လို့ PNLA ထုတ်ပြန်ချက်နဲ့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“မနေ့ကတော့ စစ်တပ်ဘက်က ဆိုက်ခေါင်မှာ တည်ထားတဲ့ အင်အားတွေ ဆီဆိုင်ကို သွားကူတာ၊ အခုချိန်ထိလည်း ဆိုက်ခေါင်ဘက်ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်နေတာပဲ” လို့ ဆီဆိုင်ဒေသခံတဦးက DNA ကို ပြောပါတယ်။
ဆိုက်ခေါင်ရွာဟာ ဆီဆိုင်မြို့ မြောက်ဘက် ဆယ်မိုင်လောက်အကွာမှာရှိပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့က ဆိုက်ခေါင်ရွာမှာ အင်အား ရာချီစုစည်းပြီးမှ ဆီဆိုင်ဘက် စစ်ကြောင်းထိုးတာလို့လည်း သူကပြောပါတယ်။
PNLA ဘက်ကကတော့ ဖေဖော်ဝါရီ ၁၂ ရက်၊ မနေ့က စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေ ဆီဆိုင်မြို့ကို စစ်ကြောင်းထိုးလာလို့ မြို့မြောက်ဘက်တနေရာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ PNLA စစ်ကြောင်းကို အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စနိုက်ပါ၊ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စောင့်ဆိုင်းပစ်ခတ်ရာကနေ တိုက်ပွဲစဖြစ်ခဲ့ပြီး ပြန်လည်ခုခံခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားတယ်လို့ PNLA က ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ချိန်မှာ သေနတ် နှစ်လက်၊ ကားတစီးနဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ PNLA ထုတ်ပြန်ချက်အရ သိရပါတယ်။
“ဆီဆိုင်မြို့ပေါ်မှာကတော့ စစ်တပ်နေရာကလွဲရင် အားလုံးကို တော်လှန်ရေးအဖွဲ့တွေက ဝိုင်း (ထိန်းချုပ်)ထားတုန်းပဲ၊ ထိတွေ့တိုက်ပွဲတွေကတော့ ခပ်စိပ်စိပ်ပိုပိုပြီးတော့ ပြင်းထန်လာတယ်” လို့လည်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အထက်ပါ ဆီဆိုင်ဒေသခံက ပြောပါတယ်။
ဆီဆိုင်မြို့အဝင် မြောက်ဘက်ခြမ်းမှာတော့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၄၂၃) နဲ့ (၄၂၄) တို့ ရှိပြီး ခမရ (၄၂၄) ကို PNLA က သိမ်းပိုက်ထားနိုင်ပေမယ့် ခမရ (၄၂၃) ရဲ့ အခြေအနေကိုတော့ အတိအကျ မသိရပါဘူး။
စစ်ကောင်စီတပ်ဘက်ကတော့ ဆီဆိုင်မြို့ထဲကို ဘန်းယဥ်နဲ့ ဆိုက်ခေါင်ဘက်ကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကပဲ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စျေးဆိုင်တဆိုင် မီးလောင်ပျက်စီးခဲ့ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ PNLA က ထုတ်ပြန်ထားပါတယ်။
ဆီဆိုင်တဝိုက် တိုက်ပွဲတွေမှာတော့ စစ်ကောင်စီနဲ့ ဦးအောင်ခမ်းထီရဲ့ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ပူးပေါင်းတိုက်ပွဲဝင်နေပြီး ဒေသခံတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ ရှိနေတယ်လို့ PNLA/PNLOနဲ့ ဒေသခံတွေက ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကတော့ စစ်သားစုဆောင်းတာကို ငြင်းဆန်တဲ့ PNO/PNA ရဲ့ “အောင်ဆုဗွေ” လူငယ်ထိန်းသိမ်းရေးစခန်းက လူငယ် ၁၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ပအိုဝ်းဖက်ဒရယ်ကောင်စီ (PNFC)က ထုတ်ပြန်ထားပါတယ်။
PNLA ကတော့ စစ်ရေးရှုပ်ထွေးနေသေးတာကြောင့် အရပ်သားတွေအနေနဲ့ ဆီဆိုင်မြို့ကနေ ဆိုက်ခေါင်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီး အပါအ၀င် အဲဒီလမ်းမကြီးရဲ့ အရှေ့အနောက်ရှိ ကျေးရွာလမ်းငယ်တွေ၊ ဆီဆိုင်မြို့အနောက်ဘက် နမ်းတဘက် ချောင်း အနောက်ပိုင်းဒေသရှိ တောလမ်းတွေကို အသုံးမပြုဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – PNLA
ပုံစာ – ဖေဖော်ဝါရီ ၁၂ ရက် တိုက်ပွဲအတွင်း PNLA ဘက်က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေ