ဖေဖော်ဝါရီ ၁၃
လုံခြုံရေးအခြေအနေအရ ခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။
ကောင်စစ်ဝန်ရုံးကို လက်တလော လုံခြုံရေးအနေအထားတွေအရ ရန်ကုန်ကို ရွှေပြောင်းထားတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားမှုကို ကိုးကားပြီး Dhaka Tribune အပါအဝင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌါနတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲကာလအတွင်း AAက ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်မြောက်ပိုင်းရှိ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ပေါက်တောနဲ့ တောင်ပြိုမြို့တို့ကို သိမ်းပိုက်ထားပါတယ်။
လက်ရှိမှာလည်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တည်ရှိရာ မြို့တော်စစ်တွေမှာတော့ အဝိုင်းခံထားရတဲ့ အနေအထားလို့လည်း ဒေသခံတွေက ဆိုပါတယ်။
“သူတို့ (စစ်ကောင်စီ)ကတော့ ခံစစ်ပြင်ဆင်နေတာပဲ။ အဆင်ပြေတဲ့သူတွေကတော့ ရန်ကုန်ပြောင်းကုန်ပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တွေနဲ့ တောင်ပိုင်းမြို့နယ်တွေအတွင်းမှ တပ်ထိပ်ပိုင်းအရာရှိအချို့နဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်၊ နေပြည်တော်တို့ဆီ ရွှေ့ပြောင်းပေးနေတယ်လို့လည်း နီးစပ်သူတွေက ပြောကြပါတယ်။
“အကုန်ရွေ့မယ်ကြားတယ်၊ ဒါပေမယ့် အခုက အရာရှိမိသားစုတွေကိုပဲ ရွေ့နေတာ၊ သာမာန်တပ်သားမိသားစုတွေကျတော့ မပြောင်းကြရသေးဘူး၊ ပြောင်းပေးမလားတောင် မသိပါဘူး၊ အငယ်တွေကို အသေခံခိုင်းပြီး အကြီးတွေ ထွက်ပြေးတာ” လို့ စစ်ကောင်စီတပ်မိသားစုတွေနဲ့ နီးစပ်တဲ့ စစ်တွေဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
စစ်တပ်အရာရှိ မိသားစုဝင်တွေကို အရပ်ဘက်လေယောဉ်တွေနဲ့ ရွှေ့ပြောင်းပေးနေတာဖြစ်ပြီး ခရီးစရိတ်အတွက် စစ်ကောင်စီတပ်သားတွေရဲ့ လစာထဲကနေ ဖြတ်တောက်တာတွေလည်း ရှိနေတယ်လို့ အဆိုပါနီးစပ်သူက ပြောပြပါတယ်။
ဒါ့အပြင် တောင်ကုတ်၊ သံတွဲ မြို့နယ်တို့အတွင်းမှ စစ်ကောင်စီတပ် အရာရှိ မိသားစုတွေကိုလည်း ရွေ့ပြောင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ အခုလို တပ်အရာရှိတွေ၊ မိသားစုဝင်တွေကို ရွေ့ပြောင်းပေးနေတာဟာ တပ်ရင်းလိုက် လက်နက်ချ၊ အညံ့ခံတာတွေ မရှိအောင် လုပ်တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေနဲ့ စစ်ကောင်စီတပ် အရာရှိဟောင်းတွေက သုံးသပ်ကြပါတယ်။
ဒါ့အပြင် ပြည်နယ်မြို့တော် စစ်တွေမြို့က စစ်ကောင်စီဌာနဆိုင်ရာ အရာရှိကြီးတွေရဲ့ အိမ်စီးကားတွေနဲ့ ဌာနဆိုင်ရာ ကားတွေကိုလည်း ရန်ကုန်ကို ကုန်တင်သင်္ဘောတွေနဲ့ ရွှေ့ပြောင်းပို့ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ – Dhaka Tribune