မြို့တွင်းတိုက်ပွဲတွေ ရှိလာပြီးနောက် လောင်းလုံးမြို့ခံတွေ ဗုံးခိုကျင်းတူး

ဖေဖော်ဝါရီ ၊ ၁၂
 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ မြို့ပေါ်အထိ တိုက်ပွဲတွေရှိလာပြီးနောက် မြို့ခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြပြီလို့ သိရပါတယ်။
 
“အိမ်တိုင်းလိုလိုပဲ ကျင်း (ဗုံးခိုကျင်း) ရှိနေကြပြီ၊ ယောက်ျားရှိတဲ့ အိမ်တွေတော့ ကိုယ့်ဟာကိုယ် တူးနေကြတာပဲ၊ ငှားတူတဲ့အိမ်တွေလည်း ရှိတယ်” လို့ လောင်းလုံးမြို့ခံ အမျိုးသမီးငယ်တဦးက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်၊ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လောင်းလုံးမြို့ပေါ်က လဝကရုံး၊ စရဖရုံး၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခြောက်နာရီခန့်ကြာ မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း ခုနစ်မိုင်ခန့်အကွာ ထားဝယ်မြို့၊ ကာစတန်ဆိပ်ကမ်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လောင်းလုံးမြို့ရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောကနေလည်း လက်နက်ကြီး ပစ်ကူပေးလို့ မြို့ခံတချို့ ထိခိုက်ဒဏ်ရာရတာရှိခဲ့ပြီး နေအိမ် သုံးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
 
“လေကြောင်းက မလာဖူးတော့ သိပ်စိတ်မပူဘူး၊ လက်နက်ကြီးနဲ့ ရေတပ်သင်္ဘောတွေကနေ ပစ်တာ ပိုပူရတာ” လို့လည်း အထက်ပါ အမျိုးသမီးက ပြောပါတယ်။
 
လောင်းလုံးမြို့ရဲ့ အနောက်ဘက် သုံးမိုင်ခန့်အကွာမှာတော့ ကပ္ပလီပင်လယ်ပြင်၊ အရှေ့ဘက် ငါးမိုင်လောက်မှာတော့ ထားဝယ်မြစ်ရှိပြီး ရေတပ်စစ်သင်္ဘောတွေက အဲဒီနေရာတွေမှာ သွားလာတာ၊ ကျောက်ချရပ်နားထားတာတွေ လုပ်လေ့ရှိပါတယ်။
 
လောင်းလုံးမှာ မြို့တွင်းတိုက်ပွဲ ဖြစ်ပြီးနောက်မှာတော့ ဌာနဆိုင်ရာရုံးတချို့က စာရွက်စာတမ်းတွေကို ထားဝယ်မြို့ပေါ် ပြောင်းရွှေ့သယ်ဆောင်တာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
 
အခုလ ဖေဖော်ဝါရီ ၆ ရက်နေ့ကပဲ ထားဝယ်မြို့ပေါ်ကို တရားရေးဆိုင်ရာ စာရွက်စာတမ်းတွေ ပြောင်းရွှေ့သယ်ဆောင်လာတဲ့ လောင်းလုံးမြို့နယ် တရားရုံးက အကြီးတန်းစာရေးမ ဒေါ်စန္ဒာစိုးနဲ့ ယာဥ်မောင်းဖြစ်သူ ကိုခင်ဇော်ဝင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဖမ်းမိခဲ့ပြီး စာရွက်စာတမ်းတွေကိုတော့ သိမ်းဆည်းခဲ့ပေမယ့် သူတို့နှစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
 
လောင်းလုံးဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ မြို့တွင်းတိုက်ပွဲတွေ ထပ်ရှိလာနိုင်လို့ ပြည်သူတွေအနေနဲ့ အခုလို ဗုံးခိုကျင်းတူးတာ၊ ရိက္ခာကြိုစုထားတာတွေ ကြိုလုပ်ထားကြဖို့ သတိပေးပါတယ်။
 
“ကျနော်တို့ကတော့ အခြေအနေပေးရင် ပေးသလို လှုပ်ရှားဖို့ရှိတယ်၊ သူတို့ဘက်က ဌာနဆိုင်ရာရုံးတွေပါ ရွှေ့ဖို့ပြင်နေတယ်ဆိုတော့ နောက်ထပ်တိုက်ပွဲတွေဆို အရင်ကထက် လက်နက်ကြီးတွေ ပိုသုံးမှာပဲ၊ မြို့ထဲကလူတွေပဲ မဟုတ်ဘူး၊ ရွာဘက်က ပြည်သူတွေကိုလည်း ကြိုပြင်ထားစေချင်တယ်” လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
အလားတူပဲ အရင် လေကြောင်းသုံးတိုက်ခိုက်တာ တခါပဲရှိခဲ့ဖူးတဲ့ တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ တပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
 
ပုလောမြို့နယ်၊ တနင်္သာမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တို့က နှစ်ဖက်တိုက်ပွဲ​​​ ဖြစ်တဲ့​နေရာ​တွေနဲ့ ကာကွယ်ရေးတပ်တွေ ရှိနေနိုင်တဲ့ နေရာတွေကို ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လောင်းလုံးမြို့နယ်ထဲမှာတော့ လေကြောင်းသုံးတိုက်ခိုက်တာ တခါမှ မရှိသေးပါဘူး။
 
“ပိုက်ဆံရှိတဲ့ လူတွေလည်း ထားဝယ်မှာ အိမ်ငှားပြီး သွားနေကြပြီ၊ ပြောင်းဖို့အဆင်မပြေတဲ့လူတွေတော့ ဗုံးခိုကျင်းတူပြီးပဲ ဒီမှာနေနေတာ” လို့လည်း နောက်ထပ် လောင်းလုံးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့နဲ့ ဆယ်မိုင်ခန့်အကွာ ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိနဲ့ လောင်းလုံးမြို့မှာ လက်ရှိမှာတော့ နဂိုရှိတာနဲ့ အင်အားထပ်ဖြည့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း တရာဝန်းကျင် ရှိနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထားကြပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကောင်စီလက်နက်ကြီး ထိမှန်ပျက်ဆီးထားသော နေအိမ်များ