ဖေဖော်ဝါရီ၊ ၁၂
ကျန်းမာရေး အခြေအနေအရ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ လုပ်ငန်းတာဝန်တွေကို ဒုတိယ ဝန်ကြီးဆီ လွှဲပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။
အော်စတင်ဟာ ဆီးကြိတ်ကင်ဆာ ခွဲစိတ်မှု ခံယူအပြီး နောက်ဆက်တွဲ ရှုပ်ထွေးတဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ဆေးရုံတက် ကုသမှု ခံယူနေရပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းကစလို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ကက်သလင်း ဟစ်ခ်ဟာ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ယာယီ လွှဲပြောင်းယူသွားမယ်လို့ အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၇၀ အရွယ် အော်စတင်ဟာ မနှစ်က နှစ်ကုန်ပိုင်းတုန်းက ဆေးရုံတက်ခဲ့ရတာကို သမ္မတ ဂျိုးဘိုင်ဒန်ဆီကိုတောင် အသိမပေးဘဲ ရက်ပိုင်းလောက် သတင်းထိမ်ချန်ထားခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပြီး ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ အထူးသဖြင့် အမေရိကန်ဟာ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း အကျပ်အတည်းတွေကို ကိုင်တွယ်နေရတဲ့ ကာလမျိုးမှာ ကာကွယ်ရေး ဝန်ကြီးက စွမ်းရည်ပြည့် တာဝန် မထမ်းဆောင်နိုင်ခြင်းနဲ့ ပတ်သက်လို့ ဝေဖန် မေးခွန်းထုတ်စရာတွေလည်း ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အော်စတင်ဟာ နောက်တကြိမ် ဆေးရုံတက်ခဲ့ရပြန်ပြီး ဒီတခါမှာတော့ ၂ နာရီကြိုပြီး ပြည်သူတွေဆီ အသိပေး ကြေညာခဲ့ပါတယ်။ သူဟာ ပထမတကြိမ် တက်ခဲ့ရတဲ့ ဝေါ်လ်တာရိဒ် အမျိုးသား စစ်ဆေးရုံမှာပဲ ပြန်လည် တက်ရောက်နေတာ ဖြစ်ပါတယ်။
ဝန်ကြီးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ပင်တဂွန် စစ်ဌာနချုပ်ကတော့ အော်စတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေကို အလျဉ်းသင့်သလို ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
Ref: Reuters