ရခိုင်မှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားကိုးဦး ပစ်သတ်ခံရ

ဖေဖော်ဝါရီ၊ ၁၂
 
မြောက်ဦးနဲ့မင်းပြားမြို့နယ်တို့မှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၉ ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA)ထုတ်ပြန်ချက်အရ သိရပါတယ်။
 
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားတဲ့ မြောက်ဦးမြို့နယ်မှ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်.မှာ တပ်ရင်း အချုပ်ခန်းအတွင်း ရက်ရက်စက်စက် မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား မြောက်ဦးမြို့ ဆေးရုံအနီး ဗုံးခိုကျင်းထဲ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
 
မြောက်ဦးမြို့ အချုပ်ခန်းအတွင်း သတ်ဖြတ်ခံရသူများမှာ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ဆီစက်ပိုင်ရှင် ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်နဲ့ ကိုပြည့်စုံဝင်း တို့ဖြစ်ပါတယ်။
 
အဲဒီထဲမှာ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟမှာ DVB အပါအဝင် သတင်းဌာနများမှာ သတင်းထောက် လုပ်ကိုင်ဖူးသူတဦး ဖြစ်ပါတယ်။ ကိုကျော်ဇံဝေကတော့ လူမှုကွန်ယက်မှာ လူသိများသူတဦး ဖြစ်ပါတယ်။
 
“မြောက်ဦး ခရိုင်ရဲစခန်းကို သိမ်းတုန်းက ကိုရင်ဆို့တို့ ကိုဖိုးသီဟတို့ ၅၀၅ နဲ့ စွဲတဲ့သူတွေကို တပ်ရင်းထဲ ခေါ်သွားတယ်၊ အဲဒီကတည်းက ပစ်သတ်လိုက်တာထင်တယ်၊ အလောင်းတွေလည်း ရုပ်ပျက်နေပြီ ပြောတယ်” လို့ မြောက်ဦးဒေသခံတဦးက ပြောပါတယ်။
 
အသတ်ခံရတဲ့သူတွေအနက် ကိုကျော်၀င်းလှိုင်မှာ ၂၀၂၂ ကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပြီး စစ်တပ်က နှိပ်စက်လို့ မသေရုံတမယ်ဖြစ်ကာ ရန်ကုန်မှာ ဆေးသွားကုထားရသူလို့ ဆိုပါတယ်။
 
“သူက တုတ်တုတ်မောင်းစားတာ၊ မိသားစု သနားဖို့ကောင်းတယ်၊ ဆေးကုစရိတ်တွေလည်း အများကြီးကုန်တယ်။ တော်တော်ယုတ်မာတဲ့ကောင်တွေ၊ ကိုရင်ဆို့ဆိုလည်း သူ့ဟာသူ လိုင်းပေါ်မှာ ဟာသတွေ တင်နေတဲ့သူပဲ၊ အဲဒါကို ၅၀၅ နဲ့ စွဲခဲ့ဝာာ။ ပြန်လွှတ်မယ်ထင်ထားကြတာ” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
ဒါ့အပြင် မင်းပြားအခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်း နှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့် တို့ (၂) ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ ည​နေမှာ အချုပ်ခန်းထဲ မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
မြောက်ဦးနဲ့ မင်းပြားမှာ အသတ်ခံရသူများမှာ ပုဒ်မ ၅ဝ၅(က) (ခ)တို့နဲ့ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အမှုရင်ဆိုင်နေစဥ် အသတ်ခံရတာလို့လည်း ဒေသခံတွေကပြောပါတယ်။
 
“တပ်တော်က တပ်စခန်းတွေသိမ်းမိတော့ ရှင်းလင်းရေးလုပ်ရင်း အလောင်းတွေတွေ့တာလို့ပြောတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား မတရား ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သော အလားတူ လုပ်ရပ်ပေါင်းမြောက်မြားစွာကို ရက္ခိုင်နှင့် ပလက်ဝဒေသတွင်သာမက မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီက ဗြောင်ကျကျ ဆက်တိုက် ကျူးလွန်လျက်ရှိတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ရခိုင်နဲ့ပလက်ဝ စစ်မျက်နှာများမှာ စစ်စခန်း တစ်ခုပြီးတစ်ခု နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ရှုံးစစ်ကောင်စီက ဒေသတွင်းရှိ အရပ်သား ပြည်သူများတွေနေထိင်တဲ့ မြို့၊ ရွာများနဲ့ အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ အပါအဝင် လုပ်ကြံစွပ်စွဲချက်အမျိုးမျိုးနဲ့ အပြစ်မဲ့ အရပ်သားပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်တာ၊ ဓားစာခံအဖြစ် အသုံးပြုကာ လူသားဒိုင်း ပြုလုပ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်ထားသော အချုပ်သားများအား သတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျုးလွန်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
အာရက္ခပြည်သူ့အစိုးရအနေနဲ့ အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်သူများအား ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့အညီ ပြစ်ဒဏ်ပေးသွားမှာဖြစ်ပြီး ကျူးလွန်ခံရတဲ့ ကာယကံရှင်နဲ့ မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားမယ်လို့ AA က ဆိုပါတယ်။
 
ဓာတ်ပုံ – AA Infodesk