ကျောက်တော် ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘောပေါ်က လွတ်မြောက်လာသူ အများအပြားကို ကယ်တင်ထားတယ်လို့ AA ထုတ်ပြန်

ဖေဖော်ဝါရီ၊ ၁၁
 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ အနီးမှာ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်က ဖြစ်ခဲ့တဲ့ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘောတွေကနေ ရေကူးလွတ်မြောက်လာသူ အများအပြားကို ကယ်တင်ထားတယ်လို့ ရခိုင့်တပ်တော် AA က အခုညပိုင်းမှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
 
“အကယ်၍သာ မိမိတို့မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသော သူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်”လို့ AA ကဆိုပါတယ်။
 
လက်ရှိမှာလည်း အဲ့ဒီစစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီး နစ်မြုပ်ခဲ့တဲ့ ဖြစ်စဉ်အတွင်း အသက်မသေဘဲ ရေကူးလွတ်မြောက်လာသူ အများအပြားကို ကယ်တင်ထားနိုင်ခဲ့ပြီး သူတို့ကို ကယ်တင်ရင်း AA တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သေးတယ်လို့လည်း ဖော်ပြထားပါတယ်။
 
စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ မြစ်အတွင်းမှာပဲ တိုက်ခိုက်ဖျက်ဆီးခံလိုက်ရတဲ့ အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ သင်္ဘောတွေပေါ်မှာ လိုက်ပါလာတဲ့ တပ်နဲ့ ရဲမိသားစုဝင်ရာချီ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီလော်ဘီတွေကြား ရေးသားဖြန့်ဝေမှုတွေ ရှိပါတယ်။
 
ရခိုင့်တပ်တော် AA ရဲ့အခုထုတ်ပြန်ချက်မှာတော့ အဲဒီနှစ်ရက်ဆက် ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ သင်္ဘောသုံးစီးကို တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့သလို အကူလာတဲ့ နောက်ထပ် သင်္ဘောလေးစီးကိုလည်း အထိနာအောင် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
 
ကနဦးစစ်သင်္ဘော သုံးစီးဟာ AA ဘက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချက်ကောင်းထိမှန်ပြီး နစ်မြုပ်တော့မယ့်အချိန်မှာ အလံဖြူထောင်လက်နက်ချအညံ့ချခံဖို့ လော်စပီကာနဲ့ သုံးကြိမ် အသိပေးခဲ့ပေမယ့် မလိုက်နာဘဲ တန်ပြန်ခုခံနေတဲ့အပြင် လေကြောင်းကလည်း ဒရော့ဗုံးတွေနဲ့ပါ ခုခံကာကွယ်ခဲ့တယ်လို့ AA ကဆိုပါတယ်။
 
ဒါ့အပြင် နောက်ဆုံးအနေနဲ့ နာရီဝက်အချိန်ပေးခဲ့ရာမှာလည်း စစ်ကောင်စီဘက်က အညံ့မခံဘဲ ဒရော့ဗုံးတွေနဲ့ စုပြုံပစ်ခတ်ခဲ့တာကြောင့် AA ဘက်က ကျဆုံးသူတချို့ရှိသလို ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘော (Navy)နဲ့ ဇက်သင်္ဘောတွေဟာ သူတို့ချီတက်ရာ လမ်းကြောင်းတလျှောက် မြစ်၊ ချောင်းနံဘေးက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လေ့ရှိပြီး အရပ်သားတွေ သေဆုံးထိခိုက်မှု ရှိခဲ့တာကြောင့် AA အနေနဲ့လည်း စစ်ကောင်စီရေတပ်ကို လက်တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။
 
အခု AA ကထုတ်ပြန်တဲ့ ရေကြောင်းတိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသတွင်း ဆက်သွယ်ရေးအခြေအနေတွေအရ DNA အနေနဲ့ အသေးစိတ်သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ရခိုင့်တပ်တော်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က စတင်တဲ့ ရခိုင်နဲ့ ပလက်ဝဒေသ တိုက်ပွဲတွေအတွင်း လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို ကောင်းစွာလက်ခံပြီး ကောင်းစွာကျွေးမွေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။
 
ဒါကြောင့် လက်နက်ချအညံ့ခံဖို့ အသိပေးထားတဲ့ စစ်ကောင်စီ စခန်းတွေအနေနဲ့ အချိန်မီ လက်နက်ချ အညံ့ခံကြဖို့ တိုက်တွန်းဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ အခုလက်ရှိ ရခိုင်ဒေသတိုက်ပွဲတွေမှာ ရေတပ်ကို အလေးထား အသုံးပြုတိုက်ခိုက်နေပေမယ့် ရခိုင့်တပ်တော်အနေနဲ့ စစ်ကောင်စီရေတပ်ကို အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ကြွေးကြော်ထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk