ဇရပ်ကြီးက စစ်ဘေးရှောင်ပြည်သူတွေကို စစ်တပ်ကပေးမထွက်ဘဲ ပိတ်ပင်မှုတွေရှိနေ

ဖေဖော်ဝါရီ၊ ၁၁
 
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လူမူကူညီရေးအဖွဲ့တွေက ကယ်ထုတ်ပေးနေပေမယ့် စစ်ကောင်စီတပ်က မြို့အ၀င်အထွက်နေရာတွေမှာ တဆင့် ပေးမထွက်ဘဲ ပိတ်ပင်ထားတာကြောင့် ထွက်မရဘဲ ပိတ်မိနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ဇရပ်ကြီး၀င်တဲ့ လမ်းတွေပေါ်က ဂိတ်တွေက စစ်ရှောင်တွေကို ပေးမထွက်တာပေါ့၊ အားလုံးကို ပိတ်ပင်ထားတာမျိုးတော့ မဟုတ်ဘူး တဦးချင်းဆီတော့ ပေးထွက်တယ် အထုပ်တွေနဲ့ စစ်ရှောင်လာတယ်ဆိုရင်တော့ မရဘူး၊ ပေးမဖြတ်တော့ဘူး” လို့ တောင်ငူမြို့မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
ဇရပ်ကြီးရွာဘက်ကို အ၀င်အထွက်ပြုလုပ်နေတဲ့ ထန်းတပင်တံတား အပါအ၀င် တပြေးဂိတ်တွေမှာ စစ်ဘေးရှောင်တွေကို ပေးမထွက်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မပြောဆိုပေမယ့် ကိုယ်အိမ်မှာပဲ နေကြဖို့ ပြောဆိုပြီး ပြန်လွတ်နေတာလို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေက အခုလ ၉ ရက် ညနေပိုင်းလောက်ကစပြီး အဲဒီနေရာကတဆင့် အခုလို ပိတ်ဆို့တားမြစ်မှုတွေ လုပ်နေတာဖြစ်ပြီး စစ်ရှောင်ဖို့ကြိုးစားတဲ့ ဒေသခံအများအပြား ပိတ်မိနေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
“စစ်ဘေးရှောင်ဆိုရင် ပေးမထွက်ဘူးပေါ့နော် အိမ်မှာပဲ ပြန်နေဖို့ ပြောတယ် ဘာမှမပြောဘူး တင်လာတဲ့သူတွေဆိုရင်လည်း ပြန်ချခိုင်းတာပဲ” လို့ သူကဆိုပါတယ်။
 
ဇရပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဒီလ ၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးထိခိုက်တာတွေလည်း ရှိနေပါတယ်။
 
အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီလက်ချက်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတချို့က ပြောကြတာရှိသလို စစ်ကောင်စီဘက်ကလည်း တော်လှန်ရေးအင်အားစုတွေ ဒရုန်းနဲ့ဗုံးကြဲတာလို့ တုံ့ပြန်စွပ်စွဲထားပါတယ်။
 
အဲဒီလို ထိခိုက်သေဆုံးသူတွေအပြင် တိုက်ပွဲစဖြစ်ကတည်းက အရပ်သားဒေသခံတွေ ပိတ်မိခဲ့ကြတာဖြစ်ပြီး လူမှုကူညီရေးအဖွဲ့တွေက ကယ်ထုတ်နေကြပေမယ့် စစ်ကောင်စီက ပိတ်ဆို့လိုက်တဲ့နောက် ဒေသခံအများအပြား ဆက်ပြီးပိတ်မိနေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
“ပိတ်မိနေတဲ့ လူဦးရေတော့ မသိဘူး ဒါပေမယ့် အများကြီးတော့ ရှိသေးတယ် ဘာလို့လဲဆိုတော့ ရွာတွေအများကြီး ရှိသေးတယ်၊ ကယ်ပြီး ထုတ်ပေးနေတာ နှစ်ရက်လောက်မှာ ပိတ်တာဆိုတော့ လူကဘယ်လောက်မှ မထုတ်လိုက်ရဘူး” လို့ သူက ပြောပါတယ်။
 
ဇရပ်ကြီးဒေသက စစ်ဘေးရှောင်ပြည်သူတွေကို ထန်းတပင်မြို့၊ တောင်ငူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ အများဆုံး ကူညီစောင့်ရှောက်ထားရပြီး နေ့စဉ် စားသုံးစရိတ်တွေအပြင် အ၀တ်အထည်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ဆိုကြပါတယ်။
 
စစ်အုပ်စုကို အားပေးထောက်ခံရေးသားနေတဲ့ တယ်လီရမ် ချန်နယ်တွေမှာတော့ ဇရပ်ကြီးတိုက်ပွဲအတွင်း ပရိဟိတအသင်း ကားတွေကို အသုံးပြုသယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတချို့ ဖမ်းမိတာရှိတယ်လို့ ရေးသားဖော်ပြထားကြပြီး အဲဒီလိုဖော်ပြမှုတွေရှိပြီးနောက် စစ်ရှောင်တွေကို ပိတ်ပင်တားဆီးတဲ့ အခြေအနေတွေ ရှိလာတာပါ။
 
ဇရပ်ကြီးကျေးရွာမှာ လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာမျိုး ရှိနေသေးတဲ့အတွက် တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က လေယာဉ်နဲ့ နေ့စဉ်ဆိုသလို ဗုံးကြဲချနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်း လက်နက်ကြီးပစ်ကူတွေ ပေးထားပေမယ့် ဇရပ်ကြီးအခြေစိုက် ခလရ (၇၃) အပါအ၀င် အခြားစစ်ရေး ရည်ရွယ်ချက်တွေကို အောင်မြင်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပါ၀င်တိုက်ခိုက်နေတဲ့ တောင်ပိုင်းတိုင်း စစ်ဒေသ တော်၀င်ဒေါင်း စစ်ကြောင်း ကမနေ့က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုထားပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။
 
ဓာတ်ပုံ – CJ