ဖေဖော်ဝါရီ၊ ၁၁
ရခိုင်ပြည်နယ်အတွင်း လမ်းတွေပိတ်ထားတာကြောင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ကိုင်သူတွေမှာ သူတို့ရဲ့ ထွက်ကုန်တွေကို ရောင်းချဖို့ စျေးကွက်မရှိ ဖြစ်နေပြီး အဲဒီလုပ်ငန်းတွေအပေါ် မှီခိုနေရသူတွေဟာလည်း စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကတည်းက ပြည်မ ရန်ကုန်၊ မန္တလေး တို့ဘက်ကနေလာတဲ့ လမ်းတွေအပါအဝင် မြို့ချင်း၊ ရွာချင်းဆက် လမ်းပါမကျန် လမ်းတွေအားလုံး ပိတ်ထားတာဖြစ်ပြီး အခုဆိုရင် သုံးလနီးပါး ရှိသွားခဲ့ပါပြီ။
ဒါ့ကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့ ငါး၊ ပုစွန်မွေးမြူရေး ရေလုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်ကြတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ကြုံကြရတာဖြစ်ပြီး လုပ်ငန်းအတွက် အရင်းစိုက်ထားခဲ့တဲ့ အကြွေးတွေကိုတောင် ပြန်မဆပ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
“ဝယ်မယ့်သူမရှိတော့ လယ်သမားတွေမှာ အခက်အခဲကြုံတာပေ့ါ၊ စပါးတွေ ရောင်းမစွံဘူး၊ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ မဝယ်ကြဘူး၊ စပါးတွေကို ဒီအတိုင်း ပြင် (လယ်ကွင်း) မှာ စုပုံထားရတယ်၊ လက်နက်ကြီး ပစ်နေတော့ ရွာထဲကိုလည်း မသွင်းရဲဘူး” လို့ စိုက်ဧက သုံးဆယ်ကျော်ရှိတဲ့ ပုဏ္ဏာကျွန်းမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။
စပါးတွေကို ဆန်ကြိတ်ထုတ်ရောင်းတဲ့ လုပ်ငန်းရှင်တွေက ဝယ်လေ့ရှိပြီး အခုနှစ်မှာ လမ်းတွေ ပိတ်ထားတာကြောင့် ဝယ်သူမရှိ ဖြစ်နေတာပါ။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စပါးအပါအဝင် သီးနှံတွေနဲ့ ပုစွန်ကန်၊ ငါးကန်တွေပါ ရေနစ်မြုပ်ပျက်စီးခဲ့တာတွေ အများအပြား ရှိခဲ့ပါတယ်။
ဒါ့အပြင် အဲဒီနှစ်သြဂုတ်လကလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေမှာ စပါးစိုက်ဧကပေါင်း ငါးသိန်းကျော် ရေကြီးနစ်မြုပ်ခဲ့တယ်လို့ ဒေသတွင်းအခြေစိိုက် DMG သတင်းဌာနက ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိပေမယ့် ရာသီဥတု ဖောက်ပြန်တာ၊ ကုန်ကျစရိတ် ကြီးမားတာအပြင် လယ်ယာသုံးပစ္စည်း စျေးနှုန်း မြင့်တက်တာတွေကြောင့် တောင်သူတွေဟာ လယ်ယာလုပ်ငန်းကို စွန့်ခွာပြီး ပြည်ပထွက်ခွာတာတွေ အများအပြား ရှိတယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာလ တကျော့ပြန်တိုက်ပွဲတွေ မဖြစ်ခင်က စပါး တင်းတရာကို သိန်းနှစ်ဆယ်ဝန်းကျင်ထိ ရှိခဲ့ပေမယ့် အခုအခါ ဝယ်မယ့်သူတောင်မရှိ ဖြစ်နေတယ်လို့လည်း လယ်သမားတွေ ပြောကြပါတယ်။
ဒါ့အပြင် အခုနှစ်ထဲမှာ မိုးနှောင်းကာလ မိုးများတာ၊ စပါးရိတ်သိမ်းချိန် အခြေအနေမတည်ငြိမ်လို့ အချိန်မီ မရိတ်သိမ်းခဲ့ရတာတို့ကြောင့် စပါးအပျက်အစီးတွေ ရှိခဲ့ပြီး ဆောင်းသီးနှံလည်း မစိုက်ပျိုးနိုင်တာကြောင့် အခက်ပိုကြုံကြရတယ်လို့ ဒေသခံတောင်သူတွေက ပြောကြပါတယ်။
“ဆောင်းသီးနှံလည်း ဘာမှ မစိုက်နိုင်ကြဘူး၊ မျိုးစေ့ဝယ်မရ၊ ဆေးဝယ်မရနဲ့၊ စိုက်ရင်လည်း ဈေးကွက်က သိပ်မရှိတော့ဘူးလေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဆောင်းသီးနှံစိုက်ပျိုးတဲ့ တောင်သူတဦးက ပြောပါတယ်။
အလားတူပဲ ရေလုပ်ငန်းလုပ်ကိုင်သူတွေမှာလည်း စက်သုံးဆီစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာ၊ ငါးဖမ်းထွက်ခွင့်မရတာ၊ ရောင်းချမယ့်စျေးကွက် မရှိတာတွေကြောင့် လုပ်ငန်းတွေ ရပ်နားထားကြရတယ်လို့ ပြောကြပါတယ်။
“ငါးထွက်ရှာလို့ရတယ်ထားအုံး၊ ဓါတ်လီတလီတာကို နှစ်သောင်းနဲ့ ဘယ်လိုရှာနိုင်မလဲ၊ ရလာတဲ့ ငါး၊ ပုစွန်ကိုလည်း စစ်တွေကို သွားရောင်းရတာ၊ ဒါမှ စျေးကောင်းရတာ၊ အခု စစ်တွေကို သွားလို့လည်း မရတော့ ဘယ်မှာရောင်းရမလဲ” လို့ ပေါက်တောမြို့နယ်မှ ရေလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
အဲဒီလို ပုစွန်ကန်ပိုင်ရှင်တွေနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေမှာ အလုပ်တွေ ရပ်နားထားကြရတာကြောင့် အဲဒီအလုပ်တွေမှာ နေ့စား၊ လစားလုပ်ကိုင်ကြတဲ့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်နေကြပြီး မိသားစုဝမ်းရေး အဆင်မပြေကြဘူးလို့လည်း ပြောကြပါတယ်။
“ပိုင်ရှင်တွေမှာ အလုပ်နားတော့ ကျွန်တော်တို့လည်း အလုပ်ပြုတ်တာပေ့ါ၊ အလုပ်မရှိရင် မိသားစု ငတ်တာပါပဲ” လို့ အမ်းမြို့နယ်မှ အသက်သုံးဆယ်ကျော်အရွယ် ပုစွန်အလုပ်သမားတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်တွင်းလမ်းတွေ ပိတ်ထားတာဟာ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားတွေကို အငတ်ဘေးဆိုက်အောင် တမင်ရည်ရွယ်လုပ်နေတာဖြစ်ပြီး အဲဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြထားကြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခု တိုက်ပွဲကာလတုန်းကလည်း ရခိုင်ပြည်နယ်အတွင်းက လမ်းတွေအားလုံးနီးပါးကို ဖြတ်တောက်၊ ပိတ်ဆို့ခဲ့ပြီး ကုန်စည်၊ ဆေးဝါးသယ်ယူခွင့်တွေ ပိတ်ပင်ခဲ့ပါတယ်။
ဓာတ်ပုံ – RFA