ကြားကာလ အသစ်အဟောင်းပဋိပက္ခနှင့် ပညာတတ်များ မဆုံးရှုံးစေရေး

ဒီဇင်ဘာ၊ ၂၉

လက်ရှိ တော်လှန်ရေးဟာ သမိုင်းအဆက်ဆက် လူထုအပေါ် အဘက်ဘက်က ဖိနှိပ်နေတဲ့ စစ်အုပ်စုကို ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ဘဲ ရရာနည်းနဲ့၊ ရသလို တော်လှန်ခုခံ တိုက်ပွဲ ဆင်နွှဲနေတာလို့ နားလည်ထားရမှာ ဖြစ်တယ်။ စစ်အုပ်စုရဲ့ အာဏာအဟောင်း၊ စနစ်အဟောင်း၊ နိုင်ငံတော်အဟောင်းကို ဖြိုချကာ စနစ်အသစ်၊ အာဏာအသစ်နဲ့ နိုင်ငံတော်အသစ်ကို တည်ဆောက်ကြတော့မှာပါ။ အဲ့သလို တည်ဆောက်တဲ့ နေရာမယ် တနိုင်ငံလုံး သိမ်းပိုက်နိုင်တဲ့ အချိန်မှ ဝုန်းကနဲ “ရော့ဟဲ့ ဖယ်ဒရယ်” ဆိုတာမျိုး ပေးလို့ရတာ မဟုတ်ဘဲ တော်လှန်ရေး ကာလအတွင်းမှာပဲ တစတစ ဖယ်ဒရယ်စနစ်ကို ကျင့်သုံး ပုံဖော်သွားရမှာ ဖြစ်တယ်။

အဲ့သလို ပုံဖော်တဲ့နေရာမယ် ဒေသခံလူထုရယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေရယ်၊ ပညာရှင်တွေရယ် အဓိက လိုအပ်ပါတယ်။ အဲဒီ အစုအဖွဲ့ အလွှာ (၃)ခုက ဟန်ချက်ညီ အလုပ်လုပ်နိုင်မှ လွတ်မြောက်ပြီး ဒေသတွေကို စနစ်တကျ ထိန်းချုပ်လည်ပတ်ပြီး ကြာရှည် ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးနိုင်မှာပါ။ အသစ်အဟောင်း ပဋိပက္ခက အဲဒီမှာစပါတယ်။

အဟောင်းဆိုတာကတော့ ယခင် ခေတ်ဟောင်းအတွေးခေါ်တွေ စွဲကပ်နေတဲ့ လူတန်းစားတချို့သိတဲ့ ဖက်ဒရယ်ပါ။ သို့သော် မခံချင်စိတ်နဲ့ တော်လှန်ခဲ့တာမျိုး၊ ဒါမှမဟုတ် ပါတီခေတ်က NLD အမာခံတွေ ဖြစ်တာမျိုးကြောင့် နေရာအသီးသီးရနေတာတွေ ရှိတယ်။ ခေတ်ဟောင်းက အတွေးအခေါ်ဟောင်းနဲ့ CDMလုပ်ရင်း နေရာရတဲ့အခါ ခေတ်ဟောင်း အတွေးအခေါ်ကို ကိုင်စွဲနေတာတွေ ရှိတယ်။

အသစ်ဆိုတာကတော့ ကျောင်းသားလူငယ်တွေ၊ ပညာတတ်၊ ပညာရှင်တွေ၊ စာပေဖတ်မှတ်ပြီး တိုးတက်တဲ့ အတွေးအခေါ် ရှိသူတွေ ဖယ်ဒရယ်စနစ်၊ ဖယ်ဒရယ်ဘဏ္ဍာရေး၊ ဖယ်ဒရယ်ပညာရေး စတာတွေကို လက်လှမ်းမီသလောက် လေ့လာဖူးသူတွေပဲ ဖြစ်တယ်။ သူတို့ဟာ ခေတ်ဟောင်းက ပုပ်သိုးဆွေးမြေ့နေတဲ့ အတွေးအခေါ်တွေကို ပယ်သတ်ပြီး တိုးတက်တဲ့ အတွေးအခေါ် ကိုင်စွဲလို့ ခေတ်သစ်၊ စနစ်သစ်၊ နိုင်ငံတော်သစ်ကို သူတို့ရဲ့ လုပ်နိုင်စွမ်း အလုံးစုံထုတ်သုံးပြီး တည်ဆောက်ကြတယ်။

အဲဒီအဟောင်းနဲ့ အသစ်က ပဋိပက္ခဖြစ်တယ်။

ဟောင်းနွမ်းတဲ့ လူတန်းစားတွေဟာ ပုပ်သိုးနေတဲ့ အတွေးအခေါ်တွေ၊ ချုပ်ကိုင်မှုတွေ၊ (up-bottom) ဆိုတဲ့ ဗဟိုချုပ်ကိုင်မှုတွေအတိုင်း မြေပြင်နဲ့ မညှိနှိုင်းပဲ အမိန့်အတိုင်းဆောင်ရွက်တဲ့ ဗျူရိုကရက်ဆန်ဆန် အတွေးအခေါ်တွေ၊ အာဏာပိုင်တွေက ပညာရေး၊ တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်တာတွေ၊ ရှေ့လူလုပ်သမျှ မှန်တယ်ပြောပေးရတဲ့ စီနီယာအစွန်းရောက်ဝါဒတွေ၊ Herolism လို့ခေါ်တဲ့ သူရဲကောင်းဝါဒတွေ၊ ပုဂ္ဂိုလ်စွဲဝါဒတွေဖြစ်တဲ့ လူတဦးပြောသမျှ အမှန်၊ အဲဒီလူပြောတာကို ဆန့်ကျင်ရင်၊ ဝေဖန်ရေးပေးရင် ဒါ စစ်တပ်ကလူ၊ တပ်ထောက်ခံရေးသမားလို့ အခြေအမြစ်မရှိ စွပ်စွဲတတ်တဲ့ အတွေးအခေါ်တွေ၊ ဒါတွေကို လက်ခံကျင့်သုံးနေဆဲဖြစ်ပြီး အသစ်လူတန်းစားကတော့ အထက်ကပြောပြခဲ့တဲ့ အဟောင်းအပုပ်မှန်သမျှ ဖယ်ချထားခဲ့ပြီး စနစ်သစ်၊ ခေတ်သစ်ကို ထူထောင်နေပြီဖြစ်ပါတယ်။

ဥပမာ -လူထုဆန္ဒနဲ့ သဘောတရားနဲ့ ပေါင်းစပ်ပြီး လုပ်ကိုင်တဲ့ အသစ်နဲ့ အထက်က အမိန့်အတိုင်း လုပ်နေတဲ့ ဗျူရိုကရက်ခေတ်ဟောင်းအုပ်စု၊ ကျောင်းတိုင်းမှာ ပညာရေးစနစ်ကို အသစ်လွင်ဆုံးပုံဖော်ကာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရရှိရေး ဆောင်ရွက်နေတဲ့ အသစ်အုပ်စုနဲ့ ခေတ်ဟောင်းစနစ်နဲ့ သင်ပြီး သမဂ္ဂဆိုတာ အရိုင်းစိုင်း ကန့်လန့်တိုက် အုပ်စုလို့ မြင်တဲ့ အဟောင်းအုပ်စု၊ NLDပါတီအမာခံကို ရွေးချယ်ပြီး နေရာပေးချင်တဲ့ အဟောင်းအုပ်စုနဲ့ အခုလက်ရှိ အလုပ်လုပ်နေသူကို နေရာပေးချင်တဲ့ အုပ်စု စတဲ့ အသစ်အဟောင်း ပဋိပက္ခတွေ ရှိလာပါတယ်။

ဒီအဟောင်းအသစ်ကြားက ပဋိပက္ခကို တာဝန်ရှိသူတွေ၊ ခေါင်းဆောင်ပိုင်းတွေက အချိန်မီ မထိန်းသိမ်းနိုင်ရင် သူတို့ လုပ်အားအညွှန့်တွေ အချိုးခံရတယ်လို့ ထင်လာနိုင်တဲ့ ပညာတတ်၊ ပညာရှင် လူငယ်တွေကို သေချာပေါက် ဆုံးရှုံးရပါလိမ့်မယ်။ မြေပြင်မှာ အများကြီး ကြားမြင် နေရတယ်။ မြို့နယ် ပအဖဟာ ရပ်ရွာစာသင်ကျောင်းကို “ဘယ်ဆရာမက သင်ရမယ်၊ ဘယ်ဆရာမက မသင်နဲ့၊ ဘယ်သမဂ္ဂမှ မဖွဲ့နဲ့“ ဆိုတဲ့ ဘောင်ကျော်ပြီး စွက်ဖက်နေတာတွေ ရှိနေပါတယ်။ အဲ့ဒီအခါ ဆရာ၊ ဆရာမလေးတွေ အနေနဲ့ တော်လှန်ရေး စိတ်ဓာတ်အပြည့်နဲ့ တော်လှန်သော အတွေးအခေါ် အပြည့်နဲ့ ရောက်လာခဲ့ပေမယ့် ဒီလို အာဏာရှင်ဆန်တာမျိုးတွေ တွေ့လာရတော့ စိတ်ဓာတ်ကျလာပြီး သူတို့ မြို့ကြီးပြကြီးကို စွန့်ခွာ၊ ဘဝတက်လမ်းကို ဘေးဖယ်ပြီး တော်လှန်ရေး နယ်မြေတွေကို လာရတာ တန်ရဲ့လားလို့ တွေးမြင်လာကြပါတယ်။ တွေးမိအောင်လည်း အခြေအနေက တွန်းပို့လာပါတယ်။ အဲဒီအခါ တော်လှန်သော ပညာတတ်၊ ပညာရှင် အခန်းကဏ္ဍဟာ အားနည်းပြီး ပျောက်ဆုံးလာပါတယ်။

ဒါဆိုရင် တော်လှန်ရေးက ရှေ့မရောက်တော့ပါ။ ဖယ်ဒရယ်ရဲ့ ခရီးလဲ မချောမွေ့နိုင်ပါ။

ဒါ့ကြောင့် ခုတလော ကြားနေရတဲ့ တဦးကောင်း၊ တဖွဲ့ကောင်းတွေ၊ ဖယ်ဒရယ်အခြေခံ အင်္ဂါရပ်တွေနဲ့ မညီညွတ်အောင် သိသိနဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ လုပ်နေကြမယ်ဆိုရင် တာဝန်ရှိသူတွေကလည်း လုပ်ခွင့်ပေးနေမယ်ဆိုရင် တော်လှန်ရေးအောင်ဖို့မလွယ်ပါ။ အောင်ခဲ့ရင်လည်း ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ လုံးဝ မဖြစ်နိုင်ပါ။

ခေတ်ကြီးတခုလုံး၊ စနစ်ကြီးတခုလုံး၊ နိုင်ငံတော်ကြီးတခုလုံးကို အဟောင်းကို ဖြိုချဖျက်ဆီးပြီး အသစ်တည်ဆောက်နေတဲ့ နေရာမှာ ဘယ်အရာမှ အသေးအဖွဲ့ရယ်လို့ မတွေးကြစေလိုပါ။

ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေဆိုရင် ဖြိုဖျက်ပစ်လိုက်ကြဖို့ပါပဲ။

ပြည်သူ့အာဏာနိုင်ငံတော်သစ်
-ငြိမ်းမောင်(ပတတ)