တတိတိ ယိုင်နဲ့လာနေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း အသာစီး စွမ်းရည်များ


ဇန်နဝါရီ ၊ ၂၇

သုံးနှစ်လောက် ကာလကို ကျော်လွန် ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ တခြား အားသာချက်တွေနည်းတူ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်း အသာစီးရမှုဟာလည်း တဖြည်းဖြည်း မှုန်ဝါး လျော့ပါးစ ပြုလာနေပြီ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက အောက်တိုဘာ လကုန်ပိုင်းမှာ အော်ပရေးရှင်း ၁၀၂၇ ကို အစပြုခဲ့ချိန် ကတည်းက မြန်မာစစ်တပ်ဟာ ကွဲပြားတဲ့ လေယာဉ် ၃ စီးကို ဆုံးရှုံးခဲ့ရပြီးပါပြီ။ အဲဒါတွေကတော့ လေ့ကျင့်ရေး (အပေါ့စား) တိုက်လေယာဉ် နှစ်စီးနဲ့ Mi-17 အမျိုးအစား အကြီးစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစီးတို့ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာပဲ နောက်ထပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစီးကိုလည်း စစ်ကောင်စီက ဆုံးရှုံးခဲ့ရပြီးသားပါ။

တကယ်တမ်းဆိုရင် မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍမှာ ရာနှုန်းပြည့် အသာစီး ယူထားနိုင်သင့်တဲ့ သဘောမျိုးပါ။ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေအတွင်း ပထမဆုံး ၂ နှစ်လောက်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ အကောင်းဆုံး လေကြောင်း ကာကွယ်ရေး အစီအမံတွေ ဆိုတာက လေတပ် လေယာဉ်မှူးတွေရဲ့ လိပ်စာတွေကို ဖော်ထုတ် ကြေညာပြီး လုပ်ကြံ သတ်ဖြတ်မယ် ဆိုတာမျိုး ခြိမ်းခြောက်နိုင်ရုံလောက်သာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းတွေကို ထိထိရောက်ရောက် လက်တွေ့ အသုံးချနိုင်အောင် ကြံဆရင်း စစ်တပ်ရဲ့ လေကြောင်း အားသာမှုကို တဖြည်းဖြည်းချင်းဆီ တုံ့ပြန် ယှဉ်ပြိုင်လာနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်အတွက် လေကြောင်း တိုက်ခိုက်မှုတွေကို ပိုပြီး အသည်းအသန် မှီခိုနေရတဲ့ လက်ရှိ ကာလမျိုးမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေကလည်း လေကြောင်း ကာကွယ်ရေး အစီအမံတွေကို သိသိသာသာ မြှင့်တင်လာတာ မြင်နေရပါတယ်။ စစ်တပ် အတွက်ကတော့ တာဝန်ယူ ဆင်နွှဲနေရတဲ့ စစ်ဆင်ရေးတွေရဲ့ ပြင်းထန်မှု၊ တောင်းဆိုမှုတွေအရ လေယာဉ်တွေရဲ့ ကိုယ်ထည် ကြံ့ခိုင်ရေးအတွက် ပိုပြီး ကျယ်ပြန့်တဲ့ ပြင်ဆင် ထိန်းသိမ်းမှုတွေ လိုအပ်လာနေပါတယ်။

စစ်တပ်က အရမ်းအားထားတဲ့ လေကြောင်း အားသာချက်တွေ တဖြည်းဖြည်း အားယုတ်လာနေခြင်းမှာ အဓိကကျတဲ့ အကြောင်းတရား သုံးခု ရှိပါတယ်။

ပထမဆုံး တစ်ချက်ကတော့ ဒေသတွင်း အတိုင်းအတာအရ ဆိုရင်တော့ လူစွာလုပ်လို့ ရနိုင်ပေမယ့် လေတပ်မှာ အရင်းအမြစ်တွေ ပိုပိုသာသာ ရှိမနေပါဘူး။ ထိပ်တန်း ပိုင်ဆိုင်မှု အနေနဲ့ လေတပ်မှာ MiG-29 အစီး ၃၀ ကျော်လောက်နဲ့ ရုရှားဆီက လောလောလတ်လတ် မှာယူထားတဲ့ SU-30 အဆင့်မြင့် တိုက်လေယာဉ် ၄ စီး ရှိပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်း ထုတ်လုပ်ပြီး မြန်မာ့လေတပ်လက်ထဲ ရောက်လာတာ သိပ်မကြာလှသေးတဲ့ JF-17 ဘက်စုံသုံး တိုက်လေယာဉ် ၇ စီးကတော့ ကိုယ်ထည် ပပ်ကြားအက်တွေ ပေါ်လာတာနဲ့ တခြား ပြဿနာတွေကြောင့် အခုကတည်းက မြေစိုက်ထားရပြီလို့ သတင်းတွေ ထွက်နေပါတယ်။

စာရွက်ပေါ်က စာရင်းသက်သက်ကို ကြည့်ရင်တော့ လေတပ်ဟာ နောက်ထပ် တိုက်လေယာဉ် အမျိုးအစားစုံ ၄၀ ဝန်းကျင်လောက် ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမဲ့ အားလုံးလိုလိုက ဟောင်းနွမ်းနေပြီး ၁၉၉၀ ပြည့်လွန် ကာလက တရုတ်နဲ့ ရုရှားဆီက အကျတွေချည်း ဖြစ်ပါတယ်။ အဲဒီ လေယာဉ်တွေက သတ်မှတ်ထားတဲ့ ပျံသန်းမှု ကာလထက်လည်း သက်တမ်း လွန်နေကြပါပြီ။

လေတပ်မှာ Nanchang Q-5 အစီး ၂၀ လောက် ရှိနေတယ်လို့လည်း ယူဆရပါတယ်။ အဲဒါတွေကတော့ ရုရှားလုပ် MiG-19တွေရဲ့ တရုတ်မူကွဲ ဗားရှင်းပါ။ ၁၉၉၄ ကနေ ၂၀၀၁ ခုနှစ်အတွင်း စုစုပေါင်း ၃၆ စီးထိ တင်သွင်းခဲ့ရာကနေ အရေအတွက် လျော့သွားတာ ဖြစ်ပါတယ်။ နောက်ပြီး လေတပ်ဟာ Chendu J-7ဆိုတဲ့ MiG-21ကို တရုတ်မှာ ပြန်လည် မှီငြမ်း ထုတ်လုပ်ထားတဲ့ တိုက်လေယာဉ် ၂၁ စီးလောက်လည်း ရှိပါတယ်။ ၁၉၉၀ ကနေ ၁၉၉၉ ခုနှစ်အတွင်း အစီး ၆၀ လောက် ဝယ်ယူထားခဲ့ရာကနေ လျော့ပါးသွားတာပါ။ အဲဒီလေယာဉ်တွေထဲက ဘယ်နှစီးလောက်များ လက်ရှိ အချိန်ထိ လေပေါ်ပျံနိုင်တဲ့ အခြေအနေနဲ့ ကြံ့ခိုင်မှု ရှိနေသေးသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှု မစ်ရှင်တွေနဲ့ ပတ်သက်ရင် ရုရှားလုပ် Yak-130 လေ့ကျင့်ရေး တိုက်လေယာဉ်တွေအပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့နောက် မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ Guizhou JL-9 အမောင်းသင် ဂျက်တိုက်လေယာဉ် ၆ စီးလောက်ကိုလည်း တင်သွင်းခဲ့ပြန်တယ်။ အဲဒီလေယာဉ်တွေကို FTC-2000G မော်ဒယ်တွေလို့လည်း ခေါ်ပြီး စွမ်းဆောင်ရည်ပိုင်းနဲ့ လုံခြုံရေး မှတ်တမ်းတွေ အရတော့ အစွန်းအထင်းတွေ ရှိခဲ့တဲ့ အမျိုးအစားပါ။

လေတပ်ဟာ တရုတ်ရဲ့ K-8 အမောင်းသင် လေယာဉ်တွေကိုလည်း မြေပြင် ပစ်ကူ စစ်ဆင်ရေးတွေအတွက် ပျံသန်းနေတယ်လို့ ယုံကြည်ရပြီး အရေအတွက် ဘယ်လောက်များများ သုံးစွဲနေနိုင်သလဲ ဆိုတာကိုတော့ မသိရပါဘူး။

လေတပ်ရဲ့ အင်အား ယုတ်လျော့မှုမှာ ဒုတိယ အရေးပါတဲ့ အချက်ကတော့ အရေးယူ ပိတ်ဆို့မှုတွေရဲ့ ဖိအားပါပဲ။ စင်ကာပူ အခြေစိုက် ကုမ္ပဏီ တချို့ကို အရေးယူ ပိတ်ဆို့ခြင်းဟာ လေတပ်အတွက် အသည်းအသန် လိုအပ်တဲ့ လေယာဉ် အပိုပစ္စည်း အစိတ်အပိုင်းတွေ တင်သွင်းမှုကို ကန့်သတ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး စစ်တပ်မှာလည်း အပိုပစ္စည်းတွေ ရှာဝယ်ဖို့ နိုင်ငံခြားငွေ အရင်းအမြစ်က ခန်းခြောက်နေတာကြောင့် တခြားသော ထောက်ပံ့ရေး အရင်းအမြစ်တွေနောက် လိုက်လို့ မရတော့ပါဘူး။ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲကလည်း မြန်မာစစ်တပ်အတွက် လေယာဉ် အပိုပစ္စည်းတွေ ရှာဖွေဝယ်ယူရေး ရင်းမြစ်ကို ပိုမို ကျဉ်းမြောင်းသွားစေပြီး လေယာဉ်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ သုံးမရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ယူဆရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာတော့ အရေးယူ ပိတ်ဆို့မှုတွေ ခံထားရသူ Sky Aviator ကုမ္ပဏီ ဒါရိုက်တာနဲ့ တခြားနှစ်ဦးတို့ဟာ စင်ကာပူဒေါ်လာ ၅ သိန်းကျော်ကို နိုင်ငံထဲကနေ ခိုးထုတ်ဖို့ ကြိုးစားတဲ့ကိစ္စ ဘူးပေါ်သလို ပေါ်သွားခဲ့ပါတယ်။ Sky Aviatorဟာ စင်ကာပူမှာလည်း ရုံးခွဲဖွင့်ထားပြီး မြန်မာ့ လေတပ်အတွက် အပိုပစ္စည်းတွေ ဝယ်ယူရေးဆိုင်ရာ တန်ဖိုးကြီး စာချုပ်တခု ချုပ်ဆိုခွင့် ရထားပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေ ကြုံထားရတဲ့ တခြား ကုမ္ပဏီ တခုဖြစ်တဲ့ Sky Royal Heroကတော့ ရုရှားလုပ် ဂျက်တိုက်လေယာဉ်တွေအတွက် ပြင်ဆင်ဖို့၊ အပိုပစ္စည်းတွေ ထောက်ပံ့ဖို့ စာချုပ်မျိုး ချုပ်ဆိုခွင့် ရရှိထားတာပါ။ ပြဿနာကတော့ မြန်မာစစ်တပ်ဟာ လေယာဉ်တွေအတွက် သတ်မှတ်ထားတဲ့ ပြင်ဆင် မွမ်းမံမှုတွေကို စံချိန်စံနှုန်းမီ အချိန်မပေးနိုင်ဘဲ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အလွန်အကျွံ ပျံသန်းစေခဲ့ခြင်းပါပဲ။

တော်လှန်ရေး အင်အားစုတွေကို တန်ပြန်ထိုးနှက်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ လေလုံးထွားမှုကလည်း လက်တွေ့ အထမမြောက်ခဲ့ပါဘူး။ အော်ပရေးရှင်း ၁၀၂၇ စပြီးကတည်းက တပ်ဖွဲ့ဝင်အင်အား ၄၀၀၀ ကျော်လောက် လက်နက်ချ အညံ့ခံသွားခဲ့ကြပြီးပါပြီ။ စစ်တပ်ရဲ့ လူသစ် စုဆောင်းမှုတွေနဲ့ ပတ်သက်လို့ ယုံကြည်ရလောက်တဲ့ မှတ်တမ်းမှတ်ရာတွေကို ဆန်းစစ်ကြည့်တဲ့အခါ မြန်မာ စစ်တပ်ဟာ နိုင်ငံအနှံ့က စစ်မြေပြင်တွေမှာ ထိုးစစ်ဆင်ဖို့ လုံလောက်တဲ့ လူအင်အား မရှိတော့ကြောင်း အလွယ်တကူ မြင်သာစေပါတယ်။ ဒီတော့ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကလွဲရင် အားကိုးစရာလည်း မကျန်တော့ပါဘူး။

လွတ်လပ်တဲ့ သုတေသန ဌာနတခုဆီက မှတ်တမ်းတွေမှာတော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ တလတည်းမှာတင် စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှု ၃၃၆ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲက ထက်ဝက်နီးပါးလောက်ဟာ အော်ပရေးရှင်း ၁၀၂၇ ကို ဆင်နွှဲခဲ့တဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့ကို တိုက်ခိုက်ခဲ့မှုတွေ ဖြစ်ပါတယ်။

လေတပ်က တနင့်တပိုး စျေးပေး ဝယ်ယူထားရတဲ့ စစ်သုံး သယ်ယူပို့ဆောင်ရေး အကြီးစား ရဟတ်ယာဉ် ၁၂ စီးထဲက တစီးကို ဆုံးရှုံးခဲ့​ပြီး ဖြစ်တယ် ဆိုတာကလည်း စစ်ဗိုလ်ချုပ်တွေ စိတ်ကူးယဉ်နေတဲ့ တန်ပြန်ထိုးစစ်ကြီး စနိုင်ရေး အားထုတ်မှုတွေကို ချိနဲ့သွားစေပြန်ပါတယ်။ စစ်တပ်ဟာ အရေးပါတဲ့ မြေပြင်လမ်းကြောင်းတွေကို တော်လှန်ရေး အင်အားစုတွေလက်ထဲ ဆုံးရှုံးလိုက်ရတဲ့ အခါမျိုးမှာ လေယာဉ်တွေရဲ့ ရွေ့လျားနိုင်စွမ်းနဲ့ ပြန်လည် ဖြည့်တင်းနိုင်စွမ်းကို ဗျူဟာမြောက် အသုံးချလေ့ ရှိပါတယ်။

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)က ဇန်နဝါရီ ၁၇ ရက်မှာ စစ်တပ်ရဲ့ Guizhou JL-9 (FTC-2000G) တစီးကို ပစ်ချလိုက်ပါတယ်လို့ ပြောပေမယ့် တကယ်ပဲ ပစ်ချခဲ့တယ် ဆိုတာကို အတိအကျ အတည်ပြုဖို့ အထောက်အထား နည်းလွန်းနေပါတယ်။ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယို မှတ်တမ်းအရ လေယာဉ်ဟာ ချာချာလည်ရင်း ကောင်းကင်ကနေ အရှိန်နဲ့ ပြုတ်ကျလာတာကို တွေ့ရပြီး မီးခိုးတွေ အူထွက်နေတာမျိုး၊ ဒါမှမဟုတ် ရန်သူ ပစ်ချတာ ခံရတယ်ဆိုတဲ့ တခြား အရိပ်အယောင်မျိုး ဘာမှ မမြင်ရပါဘူး။ တနည်းအားဖြင့် ပစ်ချခံရတာထက် အင်ဂျင် ချွတ်ယွင်းပြီး ပျက်ကျလာတာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး တတိယမြောက် အကြောင်းတရားဆီ ဦးတည်သွားရမှာပါ။ အဲဒါကတော့ ရန်သူ တော်လှန်ရေး အင်အားစုတွေရဲ့ ပစ်ခတ်မှုတွေပါပဲ။ စစ်တပ်က လေတပ်ရဲ့ K-8 လေ့ကျင့်ရေး တိုက်လေယာဉ် တစီး စက်ချွတ်ယွင်း ပျက်ကျခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ကရင်နီ တော်လှန်ရေး အင်အားစုတွေကတော့ လေယာဉ်ကို ပစ်ချခဲ့တာလို့ အခိုင်အမာ ပြောပါတယ်။

KIAကလည်း Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစီးကို ဇန်နဝါရီ ၃ ရက်မှာ ပစ်ချခဲ့ပြီး အမှုထမ်း ၆ ယောက်လုံး သေဆုံးသွားကြောင်း ထုတ်ပြန်ခဲ့ပြန်ပါတယ်။ အဲဒီ လေယာဉ်တွေရော၊ ရဟတ်ယာဉ်တွေပါ မြေပြင်ကို ပစ်ကူပေးဖို့ အသုံးဝင်ပေမယ့် အားနည်းချက်ကတော့ လက်နက်ငယ်တွေနဲ့ တုံ့ပြန်မှုကိုတောင် ခံနိုင်ရည် အားနည်းခြင်းပါပဲ။

တချိန်တည်းမှာပဲ ဆက်စပ်မေးခွန်းတခု ထွက်ပေါ်လာပြန်တယ်။ လေယာဉ်တွေကို ပစ်ချဖို့ ဘယ်လို လက်နက်မျိုးတွေကို သုံးခဲ့ကြသလဲ ဆိုတာပါ။ လေယာဉ် ပစ်ချနိုင်တဲ့ ပခုံးထမ်း ဒုံးကျည် (MANPAD)တွေ ပိုင်ဆိုင်ထားကြောင်း အတိအကျ အတည်ပြုနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တခုပဲ ရှိပါတယ်။

လက်ရှိ အချိန်ထိတော့ UWSAဟာ ပဋိပက္ခထဲကို တိုက်ရိုက် ဝင်မပါသေးဘဲ ဘက်မလိုက် ရပ်တည်တယ်ဆိုပြီး ဘေးထွက်ထိုင်နေဆဲပါ။ UWSAဟာ စစ်တပ်ကိုရော၊ NUGကိုပါ မထောက်ခံခဲ့ပါဘူး။ ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ အော်ပရေးရှင်း ၁၀၂၇ စတင်လာတော့လည်း UWSAက ကြားနေမြဲ နေခဲ့ပေမယ့် မဟာမိတ်တွေ သိမ်းပိုက်ခဲ့တဲ့ မြို့နှစ်မြို့ကို လက်လွှဲပေးတာကိုတော့ လက်ခံခဲ့ပါတယ်။

နောက်ပြီး UWSAဟာ တခြား EAOတွေနဲ့ NUGကို လက်နက် ထောက်ပံ့ ရောင်းချပေးတာမျိုးတွေ ရှိခဲ့ရင်တောင် အခုထိတော့ MANPADတွေ ရောင်းပေးခြင်း မရှိသေးပါဘူး။

တကယ်လို့သာ အဲဒီ စံနှုန်းက နောက်ကွယ်မှာ ပြောင်းလဲသွားခဲ့ပြီ ဆိုရင်တော့ ဆင့်ကဲ တွေးစရာတွေ ပေါ်လာဦးမှာပါ။ အဲဒီလို လက်နက်မျိုးတွေ ရောင်းပေးရင် UWSAဟာ တရုတ်ရဲ့ ဒေါသကို ရင်ဆိုင်ရပါလိမ့်မယ်။ တနည်းအားဖြင့် တရုတ်က လိုလိုလားလား ခွင့်ပြုပေးလိုက်မှသာ UWSAက လေယာဉ်ပစ် လက်နက်တွေ ရောင်းရဲမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒီတော့ အဲဒီလက်နက်တွေကို UWSAက တကယ်ပဲ လက်လွှဲပေးခဲ့ရိုးမှန်ရင် တရုတ်က ခွင့်ပြုလို့လား၊ ဒါမှမဟုတ် UWSAက တရုတ်ကို အာခံရဲလာတာလား ဆိုတာက ဒွိဟဖြစ်စရာပါပဲ။

KIAက စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို တရုတ်လုပ် FN-6 အမျိုးအစား MANPADနဲ့ ပစ်ချခဲ့တာလို့ ပြောပါတယ်။ KIAဆီ အဲဒီလို စစ်လက်နက်မျိုး လက်လွှဲပေးထားတယ် ဆိုတာကို ဘယ်တုန်းကမှ တရား​ဝင် အသိအမှတ် ပြုထားတာ မရှိတဲ့အတွက် မြန်မာ ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ မူဝါဒ အရွေ့တွေ ရှိလာကြောင်း အရိပ်အယောင်လည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ ဇန်နဝါရီ ၁၇ ရက်တုန်းက စစ်တပ်ရဲ့ လေယာဉ် ပျက်ကျမှုဟာ စက်ချွတ်ယွင်းမှု သက်သက်ပဲ ဖြစ်တယ်ဆိုဦးတော့၊ ပစ်ချလိုက်တာလို့ KIAက ကြေညာလိုက်တာဟာ ပါးနပ်တဲ့ ရွှေ့ကွက်တခု ဖြစ်ပါတယ်။ အခုဆိုရင် လေတပ် တိုက်လေယာဉ်မှူးတွေဟာ သို့လော၊ သို့လော လျှောက်တွေးရင်း အကြောက်တရားတွေ ဖိစီးနေလောက်ပါပြီ။

ဘာပဲဖြစ်ဖြစ် ထင်ရှားမြင်သာတဲ့ ကိစ္စကတော့ စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေအပေါ် ပိုမိုမှီခိုလာရတဲ့ အခြေအနေမှာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ၊ နိုင်ငံခြားငွေ ပြတ်လပ်ပြီး မွဲတေလာမှုတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတယ် ဆိုတာပါပဲ။ အဲဒီ ထိုးနှက်ချက်တွေက လေယာဉ်တွေကို ပုံမှန် မွမ်းမံပြီး တသသ လုပ်နေဖို့ အကြီးအကျယ် ဟန့်တားလိုက်ပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေး အင်အားစု တချို့ဟာ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တချို့ကို အကန့်အသတ်နဲ့ စတင် ဖြန့်ကျက်နေပြီလို့ ယုံကြည်ရပါတယ်။ သုံးနှစ်လောက် ကာလကို ကျော်လွန် ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ တခြား အားသာချက်တွေနည်းတူ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်း အသာစီးရမှုဟာလည်း တဖြည်းဖြည်း မှုန်ဝါး လျော့ပါးစ ပြုလာနေပြီ ဖြစ်ပါတယ်။

(RFA၏ The Myanmar military’s air superiority is slipping away amid sanctions and opposition attacks ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)