မြောက်ခင်ရန်း မီးရှို့လူသတ်မှုနဲ့ ဆက်စပ်တယ်လို့ သတင်းထွက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦးကို ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၊ ၁၀

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုနဲ့ ပတ်သက်မှုရှိတယ်လို့ သတင်းထွက်နေတဲ့ ကြံခိုင်ရေးပါတီဝင်တဦးဖြစ်သူ ဒေါ်သီသီအေး(ခ)မယ်သီကို ဒီကနေ့ ​ဖေ​ဖော်ဝါရီလ၁၀ရက် မနက်၁ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

မြောက်ခင်ရန်းရွာနဲ့ မိုင်လေးဆယ်ကျော်အကွာ သူ့ရဲ့ ဇာတိရွာဖြစ်တဲ့ ကလေးမြို့အနီးက ကံပုလဲရွာမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့  ဖမ်းဆီးခဲ့သူတွေနဲ့ နီးစပ်တဲ့ တော်လှန်ရေးမှာ ပါဝင်နေသူတချို့က ပြောပါတယ်။ 

“ဖမ်းလာတာလည်း အတည်ပြုနိုင်တယ်၊ နောက်ဆက်တွဲအခြေအနေကိုတော့ ကလေး ပကဖ ကပဲ ဆက်ဆောင်ရွက်မယ်ထင်တယ်” လို့ ကလေးဒေသ တော်လှန်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ 

ဒေါ်သီသီအေး ဖမ်းဆီးခံခဲ့ရတဲ့ ကံပုလဲရွာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့အပြင် ရွာသားတချို့ကိုလည်း စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“သူက ပျူစောထီးတွေနဲ့လည်း ပတ်သက်မှုရှိတယ်လို့ ကျမတို့သတင်းရထားတယ်၊ သူ့ယောကျ်ားကိုယ်တိုင်ကလည်း ပျူတွေကို ဦးဆောင်တာပဲ၊ အာဏာမသိမ်းခင်က ခြေဥဆန့်ကျင်ပွဲတခုမှာတောင် သူဝင်လာပြီး ဝူးဝူးဝါးဝါးလုပ်လို့ ပွဲပျက်မလိုဖြစ်ဖူးသေးတယ်” လို့လည်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။ 

အသက် ၄၃ နှစ်အရွယ် ဒေါ်သီသီအေးကို မြောက်ခင်ရန်းရွာ မီးရှို့လူသတ်မူမှာ ဦး​​ဆောင်ပါဝင်ပတ်သက်လို့ဆိုကာ သူ့ကို အရှင်ဖမ်းဆီးပေးနိုင်ပါက ဆုကြေး ဘတ် သုံးသိန်းချီးမြှင့်မယ်လို့လည်း ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်ရေးထောက်ပို့အဖွဲ့တခုက ပြောထားပါတယ်။ 

ဒေါ်သီသီအေးအနေနဲ့ ပျူစောထီးတွေနဲ့ ပတ်သက်တာ၊ မြောက်ခင်ရန်းလူသတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်လို့ကတော့ DNA အနေနဲ့ အတည်အကျ အတည်နိုင်ခြင်းမရှိသေးပါဘူး။

“သူက လိုင်းပေါ်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ အမြဲရန်ဖြစ်နေတာ၊ ကျနော်တို့အတည်ပြုနိုင်တာတော့ ကြံ့ဖွတ်၊ စစ်သားမိန်းမဆိုတာလောက်ပဲ၊ ဒီနယ်မှာတော့ ဒလန်လုပ်တယ်ဆိုပြီး နာမည်ကြီးတယ်” လို့လည်း ကလေးဒေသခံတဦးက ပြောပါတယ်။ 

ဒေါ်သီသီအေးဟာ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့တဦးရဲ့ ဇနီးဖြစ်တယ်လို့သိရပြီး သူကိုယ်တိုင်ကလည်း စစ်သားဇနီးဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။ 

ဒါ့အပြင် အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆောင်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တော်လှန်ရေးအင်အားစုတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်ပြောဆိုတာ၊ စစ်ကောင်စီကို ထောက်ခံကြောင်းပြောဆိုတာတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။