ရခိုင်မှာဗုံးခိုကျင်းတူးသူတွေကို စစ်တပ်က ဖမ်းဆီးခြိမ်းခြောက်

ဖေဖော်ဝါရီ၊ ၁၀

ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေထွက်နေတဲ့ ရခိုင်ပြည်နယ်မြို့တော်စစ်တွေနဲ့ တောင်ပိုင်းမြို့တွေမှာ ဗုံးခိုကျင်း တူးကြတဲ့ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီး၊ ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြို့တွင်းနဲ့ မြို့အနီးမှာ တိုက်ပွဲတွေဖြစ်လာခဲ့ရင် လက်နက်ကြီးအန္တရာယ်ကျရောက်လာမှာစိုးလို့ အကာအကွယ်လုပ်ကြတာကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖျက်ဆီးတာ၊ နောက်မလုပ်ဖို့ ဟန့်တား၊ဖမ်းဆီးတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

“ရပ်ကွက်တွေကို ဝင်စစ်တယ်၊ ပြီးရင် ဗုံးခိုကျင်းတွေ့လို့တဲ့ ဖမ်းသွားတယ်၊ အကုန်လုံးကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်၊ စစ်တွေမှာ အဲလို အဖမ်းခံရတာ မနည်းတော့ဘူး”လို့ စစ်တွေဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။

အဲဒီလို ဗုံးခိုကျင်းတွေ တူးထားတာကြောင့် စစ်တွေမြို့ မင်းဂံ၊ ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်တွေအတွင်းမှ အမျိုးသမီးတွေအပါအ၀င် ဒေသခံ ဆယ်ချီဟာ အခုလပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ လေယာဉ်နဲ့ ပြေးကြတယ်၊ ကျွန်မတို့မှာ ပြေးစရာလည်း မရှိ၊ ပိုက်ဆံလည်း မရှိဘူး၊ ဗုံးကျင်းလည်း မတူးရဘူးဆိုတော့ ဖြစ်လာရင် သေဖို့ပဲ ရှိမယ်၊ စစ်တပ်က ကျွန်မတို့ကို ဓါးစာခံလုပ်ထားတာ”လို့ စစ်တွေမြို့ ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်မှ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်နဲ့အမ်းမြို့နယ်တွေမှာလည်း အလားတူပဲ ဗုံးခိုကျင်းတွေကို ဖျက်ဆီးတာ၊ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“သူတို့မှာကျတော့ အခိုင်အမာလုပ်ထားတယ်၊ ပြည်သူတွေကိုကျရင် ကိုယ့်အိမ်အောက်မှာကိုယ် ဗုံးခိုကျင်းတောင်လုပ်ခွင့် မပေးဘူး၊ လူသားဒိုင်းကာအနေနဲ့ လုပ်ထားတယ်”လို့ အမ်းမြို့နယ်မှ ဒေသခံလူမှုရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ဒါ့အပြင် ဗုံးခိုကျင်းတူးသူတွေကို ဟန့်တား၊ ဖမ်းဆီးတာတွေ လုပ်နေသလို မြို့ကို စွန်ခွာထွက်ပြေးခွင့်လည်း မပြုဘဲ မြို့တွင်း၊ မြို့ပြင် အ၀င်အထွက်နဲ့ ရေကြောင်း၊ ကုန်းကြောင်းလမ်းတွေအားလုံးကိုပါ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီလို ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံး ပိတ်ဆို့ထားတာကြောင့် ရခိုင်ပြည်နယ်အတွင်း စားနှပ်ရိက္ခာ၊ ဆေးဝါးတို့ ပြတ်လပ်နေသလို ဆေးရုံ၊ ဆေးခန်းသွားလာခွင့်မရလို့ မသေသင့်ဘဲ သေဆုံးရသူတွေလည်း ဆယ်ချီ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့မောင်တောမြို့နယ်တောင်ပြိုမြို့တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ရသေ့တောင်နဲ့ ရမ်းဗြဲမြို့တို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် စစ်တွေအပါအ၀င် နောက်ထပ် မြို့တွေကိုလည်း ဆက်လက်သိမ်းပိုက်မယ်လို့ သတင်းတွေ ထွက်နေတာကြောင့် မြို့ကို စွန့်ခွာတိမ်းရှောင်သူတွေရှိနေသလို အကာအကွယ်လုပ်သူတွေလည်း ရှိနေကြတာပါ။

လက်ရှိမှာ စစ်ကောင်စီဟာ ပြည်နယ်မြို့တော်စစ်တွေရှိ အစိုးရအဖွဲ့ရုံးရှိရာမေယုလမ်းနဲ့ ရုံးအနီးမှာရှိတဲ့ မင်းဘာကြီးလမ်း၊ ဦးဥတ္တမလမ်းတို့မှာ စစ်ဆေးရေးတွေဂိတ်ချကာ အသွားအလာတွေကို ကန့်သတ်နေသလို မြို့နီးပတ်လည်ရွာတွေမှာလည်း စစ်စခန်းတွေ တိုးချနေပါတယ်။

ဒါ့အပြင် ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ အမ်းမြို့တို့မှာလည်း ရေကြောင်းကနေ စစ်အင်အားတိုးချထားသလို မြို့၀င်ပေါက်တွေကို တပ်စခန်းတွေတိုးချပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲသုံးလနီးပါးအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးရသူ တရာကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ သုံးရာနီးပါးရှိကာ ဖမ်းဆီးခံရသူဟာလည်း ရာချီ ရှိပြီလို့ အချက်အလက်ကောက်ယူနေသူတွေက ပြောပါတယ်။