ရည်ရွယ်ချက် ကောင်းပေမယ့် လူပေါင်းမှားနေတဲ့ ထိုင်းရဲ့ ထောက်ပံ့ရေးစင်္ကြံ စီမံကိန်း

 

ဖေဖော်ဝါရီ ၊ ၁၀

မြန်မာနိုင်ငံက စစ်ရှောင်တွေအတွက် လူသားချင်း စာနာမှုတွေ ထောက်ပံ့ပေးမယ့် စင်္ကြံတခုကို မကြာခင် ထူထောင်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်းရဲ့ အစီအစဉ်ဟာ ရည်ရွယ်ချက် ကောင်းမွန်တယ် ဆိုရင်တောင်မှ အာဏာသိမ်း စစ်တပ်အပေါ် အလွန်အကျွံ မှီခိုပြီးမှ အကောင်အထည် ဖော်ရမယ် ဆိုတာကတော့ အတော်လေး စိတ်ပျက်စရာ အခြေအနေ တခုပါပဲ။

 မြန်မာနိုင်ငံဖက်ခြမ်းက စစ်ဘေးရှောင် ပြည်သူတွေကို အကူအညီ ပေးဖို့အတွက် နယ်စပ်နားမှာ လူသားချင်း စာနာမှု စင်္ကြံတခုကို တလလောက်အတွင်း ဖွင့်လှစ်နိုင်ဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူခါရာက ပြောပါတယ်။ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် အဲဒီကိစ္စနဲ့ ပတ်သက်လို့ လျာထားချက်တွေကို ဝန်ကြီးက ထုတ်ပြောတဲ့အခါ စင်္ကြံနေရာဟာ နယ်စပ်က ကူးသန်းရောင်းဝယ်ရေးတွေ ထူထပ်ရာ မဲဆောက် တဝိုက်မှာ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ မဲဆောက်ဟာ ထိုင်းနိုင်ငံ အနောက်ပိုင်းမှာ စစ်ရှောင်တွေအတွက် ထောက်ပံ့ရေး အကူအညီတွေ ကာလရှည်ကြာ ပေးအပ်နေခဲ့တဲ့ ဗဟိုချက် နယ်မြေတခုလို့လည်း ပန်ပရီက ဆိုပါတယ်။ “အခု စင်္ကြံသစ် ထူထောင်မယ့် ရည်ရွယ်ချက်ကတော့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေကို ကူညီဖေးမနိုင်ဖို့ အင်မတန် အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်တယ်”လို့ သူက ပြောကြားသွားပါတယ်။

 “အခုလို အစပျိုးမှုမျိုးဟာ လိုအပ်နေသူတွေဆီကို ထောက်ပံ့ရေး အကူအညီတွေ ပေးပို့နိုင်ရုံသာ မကဘဲ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့ ညှိနှိုင်းမှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့အတွက် အရမ်းကောင်းမွန်တဲ့ ဓာတ်စာမျိုး ဖြစ်လာစေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့လည်း ဝန်ကြီးက မှတ်ချက် ပေးခဲ့ပါတယ်။

 ပြီးခဲ့တဲ့ လကုန်ပိုင်းက လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာတော့ ထိုင်းရဲ့ အဲဒီ အဆိုပြုချက်ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ဝန်ကြီးတွေအပြင် အာဏာသိမ်း မြန်မာစစ်တပ်က စေလွှတ်တဲ့ ကိုယ်စားလှယ်ကပါ ထောက်ခံခဲ့ကြပါတယ်။

 အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် အစီအစဉ်အရဆိုရင် ထိုင်းနဲ့ မြန်မာ (စစ်ကောင်စီ) အာဏာပိုင်တွေဟာ နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ ပူးပေါင်းပြီး စစ်ရှောင်တွေအတွက် ထောက်ပံ့ရေး အကူအညီတွေ ဝေငှပေးအပ်သွားမှာဖြစ်ပြီး အဲဒီ လုပ်ငန်းစဉ်ကို အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနက ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ပန်ပရီရဲ့ လက်ထောက်ဖြစ်သူ ဒုတိယ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကလည်း ထိုင်းက ဖော်ဆောင်ပေးမယ့် စင်္ကြံဟာ နယ်စပ်မှာရှိတဲ့ ဒေသခံ ပြည်သူတွေအပြင် မြန်မာဖက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူ စစ်ရှောင် ၂ သောင်းလောက်ကိုပါ အကူအညီတွေ ပေးအပ်ဖို့ ရည်ရွယ်ထားကြောင်း ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က စစ်တပ်ရဲ့ အဓမ္မ အာဏာသိမ်းမှု အပြီးကတည်းက မြန်မာနိုင်ငံမှာ စစ်ရှောင်ဦးရေကလည်း တရိပ်ရိပ် မြင့်တက်လာနေခဲ့ပါတယ်။

 ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA)က ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းမှု နောက်ပိုင်းမှာ တိုးပွားလာတဲ့ ၂.၃ သန်း အပါအဝင် မြန်မာနိုင်ငံမှာ စစ်ရှောင်ပြည်သူ ၂.၆ သန်းလောက် ရှိတယ်လို့ သိရပါတယ်။ ဒီတော့ ထိုင်းက ဦးဆောင်ဦးရွက်လုပ်ပြီး ပေးအပ်မယ်ဆိုတဲ့ အကူအညီတွေဟာ ဆင့်ပါးစပ်၊ နှမ်းပက်သလောက်သာ ရှိပါတယ်။ ဒါပေမဲ့လည်း သေးငယ်တဲ့ ခြေလှမ်းတခုကနေ ကြီးမားတဲ့ ရလဒ်ကောင်းတွေဆီ အစပြု ဦးတည်နိုင်မယ်လို့ ထိုင်းက ယုံကြည်နေပါတယ်။

 လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်မယ့် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို အကြီးအကျယ် ကန့်သတ်မယ့် နောက်တချက် ရှိပါသေးတယ်။ အဲဒါကတော့ အာဏာသိမ်း စစ်တပ်ရဲ့ ဝင်စွက်ဖက်မှုပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလကို နောက်ကြောင်းပြန်ကြည့်ရင် ထိုင်းမြန်မာ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ပေါ်ထွန်းရေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေရော၊ အကူအညီပေးရေး အဖွဲ့အစည်းတွေကပါ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ EAOတွေ အဓိက ထိန်းချုပ်ထားရာ နယ်စပ် ဧရိယာတွေကနေတဆင့် နိုင်ငံတကာ အထောက်အပံ့တွေ စီးဝင်ပြီး ပြည်သူတွေဆီ ပေးပို့ ကူညီနိုင်ဖို့ပါပဲ။

 ပန်ပရီရဲ့ အတည်ပြုချက်အရ အခု စင်္ကြံ စီမံကိန်းကို စစ်တပ် ခေါင်းဆောင်ပိုင်းတွေရဲ့ လိုလား ခွင့်ပြုချက်နဲ့ ပူးပေါင်း ကူညီမှုတွေကြောင့် ထူထောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကတော့ ကူညီထောက်ပံ့ရေး ကဏ္ဍနဲ့ ပတ်သက်လို့ မြန်မာဖက်ခြမ်းက ကိစ္စတွေကို စစ်တပ်ကပဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်မယ်ဆိုတာပဲ ဖြစ်တယ်လို့ AP သတင်းဌာနက မှတ်ချက်ပြု ဖော်ပြထားပါတယ်။

 အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဦးနေဘုန်းလတ်ကတော့ အဲဒီ ထောက်ပံ့ရေး ပစ္စည်းတွေကို EAOတွေဆီသာ လွှဲပြောင်းပေးဖို့ တိုက်တွန်းထားပြီး စစ်တပ်ဟာ အဲဒီ အထောက်အပံ့တွေကို ကိုယ်ကျိုးအတွက် လွယ်လွယ်လေး အမြတ်ထုတ်မယ့် အဖွဲ့အစည်းမျိုးလို့ ထောက်ပြခဲ့ပါတယ်။

 ထိုင်းရဲ့ အဆိုပြုချက် အောင်မြင်ဖို့ မြန်မာစစ်တပ်ရဲ့ လက်ခံမှုရော၊ တခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ တိုက်တွန်းမှုပါ လိုအပ်တဲ့ သဘောမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ အဓိပ္ပါယ်ကိုက ထိုင်းက ဦးဆောင်ပြီး ထောက်ပံ့မယ့် အကူအညီတွေဟာ EAOတွေ ထိန်းချုပ်ထားရာ နယ်မြေတွေထဲက စစ်ရှောင်တွေဆီကို မရောက်နိုင်ဘူးဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။ စစ်တပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေလို့ စွပ်စွဲထားပါတယ်။ စစ်တပ်ဟာ အဲဒီဒေသတွေက ပြည်သူတွေအတွက် အကူအညီတွေ ထောက်ပံ့မပေးရုံသာ မကဘဲ အငြှိုးတကြီး တိုက်ခိုက်မှုတွေကိုပါ အရှိန်အဟုန် မြှင့်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးမှု၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုတွေက ပိုပိုပြီး တိုးလာနေပါတယ်။ ဒီတော့ စစ်တပ်နဲ့ ပေါင်းပြီး လုပ်ဆောင်မယ့် အကူအညီ စီမံကိန်းမှာ ထောက်ပံ့ရေး ပစ္စည်းတွေက တကယ်တမ်း လိုအပ်နေသူတွေဆီ ရောက်ရမယ့်အစား စစ်တပ်နဲ့ လက်အောက်ခံ မဟာမိတ် အဖွဲ့အစည်းတွေ လက်ထဲမှာ လမ်းဆုံးသွားနိုင်ခြေ ရှိနေပါတယ်။

 ဒီတော့ ထိုင်းရဲ့ ထောက်ပံ့ရေး စင်္ကြံ စီမံကိန်းဟာ မြန်မာ့ ပဋိပက္ခ ကူညီဖြေရှင်းဖို့ အာဆီယံက ချမှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ အကျုံးဝင်တယ် ဆိုရင်တောင်မှ မျှော်လင့်ထားသလို ထိရောက်​ အောင်မြင်မှုတွေ ရရှိဖို့တော့ အလားအလာ သိပ်နည်းပါတယ်။ အဲဒီ ဘုံသဘောတူညီချက် ၅ ရပ်ကိုက အာဏာသိမ်း စစ်တပ်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အရေးပါတဲ့ အင်အားစု တခုလို့ ရည်ညွှန်းထားပေမယ့် လက်တွေ့မှာတော့ စစ်တပ်ရဲ့ လုပ်ရပ်တွေက အဲဒီ သဘောတရားနဲ့ အင်မတန် ခြားနားနေခဲ့ပြီးသား ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေအတွက် ကံမကောင်းတာကတော့ တော်လှန်ရေးကို ထောက်ခံ ရပ်တည်ပေးရတာဟာ အန္တရာယ် များရုံသာ မကဘဲ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ရဲ့ ဆန့်ကျင်ချင်တဲ့ သဘောဆန္ဒတွေနဲ့ပါ ကြုံတေါကနေရတယ် ဆိုတာပါပဲ။

 

(The Diplomat၏ Myanmar Humanitarian Corridor to Be Established Soon ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)