တရုတ်နှစ်သစ်ကူးကာလ နယ်စပ်တလျှောက်မှာ သေနတ်သံမထွက်ဖို့ဂရုပြုနေတယ်လို့ ညီနောင်သုံးဖွဲ့အသိပေး

ဖေဖော်ဝါရီ ၊ ၁၀

တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာကျော်ဖြတ်နိုင်ဖို့အတွက် နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ သေနတ်သံ တွေမထွက်အောင် အထူးဂရုပြုနေတယ်လို့ MNDAA၊TNLA နဲ့ AA သုံးဖွဲ့ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ရှမ်းမြောက်မှာ အပစ်ရပ်ထားဖို့ သဘောတူညီချက်ရပြီးနောက်တလပြည့်ဖို့ တရက်အလို မနေ့ညက ညီနောင်သုံး ဖွဲ့ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ အဲ့ဒီလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနှစ်လကျော်အတွင်း ကိုးကန့်ဒေသနဲ့ တအာင်းဒေသတွေအပါအဝင် ရှမ်းမြောက်ဒေသအ များစု ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ကြားဝင်မှုအရ အခုနှစ် ဇန်နဝါရီ ၁၁ရက်ကစလို့ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့အပစ်ရပ်ထားတာပါ။

လာမယ့်နှစ်သစ်ဟာ တရုတ်ရိုးရာအရ နဂါးနှစ်သစ်ကိုကူးပြောင်းမှာဖြစ်ပြီး နဂါးနှစ်ရဲ့ ထူးခြားရဲ့ဝိသေသတွေ နဲ့ ပျော်ရွှင်မှုတွေဟာ မြန်မာပြည်သူတွေလိုလားတဲ့ ဆန္ဒနဲ့တထထပ်တည်းကျဖို့ မျှော်လင့်တယ်လို့လည်း ညီနောင် သုံးဖွဲ့က တရုတ်နှစ်သစ်ကူးကာလဆုတောင်းအဖြစ် ဖော်ပြထားပါတယ်။

“အထူးသဖြင့် “မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒ” ဖြစ်သော “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” သည် ဤနဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟူ၍လည်း ယုံကြည်ပါသည်”လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ် ပြန်ချက်မှာဖော်ပြပါတယ်။

လတ်တလောမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ရခိုင့်တပ်တော် AA ကသာ ရခိုင်ပြည်နယ်အတွင်း စစ် ကောင်စီနဲ့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ရသေ့တောင်မြို့နယ် အငူမော်-မောင်တောကား လမ်းဘေးက ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က အတည်ပြုထား ပါတယ်။

အဲ့ဒီနယ်ခြားစောင့်စခန်းကိုရခိုင့်တပ်တော် AAက ဖေဖော်ဝါရီ ၈ရက်မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တာဖြစ်ပြီး တရက်အကြာမှာပဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မနေ့ကနေ့လယ်ပိုင်းလောက်ကတည်းက အဲ့ဒီစခန်းဘက်ကနေ သေနတ်သံမကြားရတော့ဘူးလို့ ဒေသခံတွေကလည်း DNAကိုပြောထားပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်မြောက်ပိုင်းက ကြိမ်ချောင်းကျေးရွာအနီးမှာရှိတဲ့ နယ်ခြားစောင့်စခန်းကိုလည်း လက်နက်ချအညံ့မခံတာကြောင့် စတင်ထိုးစစ်ဆင်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ရေးဗျူဟာအရ အထိနာနေတဲ့စစ်ကောင်စီဟာ အရပ်သားတွေနေထိုင်ရာ မြို့ရွာတွေနဲ့အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊မီးရှို့ဖျက်ဆီးတာတွေအပြင် လုပ်ကြံစွပ်စွဲပြီးဖမ်း ဆီးသတ်ဖြတ်တာတွေလုပ်နေသလို နိုင်ငံအတွင်းဒေသအနှံ့မှာလည်း အလားတူကျူးလွန်မှုတွေလုပ်နေတယ်လို့ ညီနောင်သုံးဖွဲ့က ဝေဖန်ထားပါတယ်။

မနေ့က ရခိုင်ပြည်နယ်မှာတော့ ရသေ့တောင်နဲ့ရမ်းဗြဲမြို့အခြေစိုက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ် ခတ်မှုတွေ လုပ်ခဲ့သလို ရသေ့တောင်မြိုနယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နဲ့ သံချောင်း ကျေးရွာတွေဘက်ကိုဂျက်ဖိုက်တာနဲ့လည်းလေကြောင်းကနေတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။