ဇရပ်ကြီးက တိမ်းရှောင်လာတဲ့ ပြည်သူတွေ စစ်ကောင်စီတားမြစ်မှုခံရ

ဖေဖော်ဝါရီ၊ ၉
 
ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒိုးသောင်တံတားမှာ စစ်တပ်က ဖြတ်သန်းခွင့်မပြုဘဲ နေရပ်ပြန်ခိုင်းနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။
 
“နေ့လယ်လောက်က ကျွန်တော်တို့ ဟိုဘက်ကနေ ခေါ်လာပြီး အထွက်မှာ တံတားကို အရင်ပိတ်ချလိုက်တာ၊ ပေးမဖြတ်ဘူး၊ ညနေလောက်ရောက်တော့ စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းလိုက်၊ မင်းတို့ပြန်လို့ရတယ်ပြောတာ” လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကို အကူအညီပေးနေသူတဦးက DNA ကို ဒီကနေ့ညနေပိုင်းကပြောပါတယ်။
 
နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် မြို့တွင်းမှာ ပိတ်မိနေတဲ့ ဇရပ်ကြီးမြို့ခံတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းမှာ သွားရောက်ခေါ်ဆောင်နေတာပါ။
 
ဒီလိုမျိုး ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ စီးနင်းလာတဲ့ ကားမှန်သမျှကို တောင်ငူနဲ့ ထန်းတပင်မြို့နယ်အစပ်ကြားက ဒိုးသောင်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြတ်သန်းခွင့်မပြုဘဲ တံတားကို ပိတ်ချလိုက်တာ ဖြစ်ပါတယ်။
 
“အစောပိုင်းမှာ ထွက်လို့ရတဲ့ကားက ထွက်တာပေါ့၊ အခုထွက်မရတော့ အဲဒီမှာ ပိတ်မိနေတာပေါ့၊ လူကတော့ ရာချီရှိမယ်ထင်တယ်၊ တချို့ကားတွေတော့ လူမပါဘဲ ပြန်ဆင်းသွားတာပေါ့၊ ထန်းတပင်တံတားဘက်မှာလည်း အခုလိုပဲ ပိတ်ထားတာ ပေးမဖြတ်ဘူး” လို့ အဲဒီစစ်ရှောင်အကူအညီပေးနေသူက ပြောပါတယ်။
 
လက်ရှိ ဇရပ်ကြီးမြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေဟာ တံတားထိပ်မှာသာ အခက်အခဲများစွာနဲ့ နေထိုင်နေရပြီး ဒီကနေ့မှာသာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖြတ်သန်းခွင့်မပြုပါက ညအိပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
DNA က ဆက်သွယ်ရရှိခဲ့တဲ့ ဒိုးသောင်တံတားမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တဦးကတော့ ဒီကနေ့ ညနေ လေးနာရီခွဲခန့်အထိ ပိတ်မိနေတဲ့သူတွေကို ဖြတ်သန်းခွင့်မပေးသေးဘဲ ပိတ်မိနေတဲ့သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်တာရှိတယ်လို့ ဆိုပါတယ်။
 
” မသွားရသေးဘူး၊ ဒီမှာပဲ အိပ်ရမလားတော့ မသိဘူး၊ ခဏနေ မိုးချုပ်တော့မယ်၊ သူတို့ကတော့ ရွာပြန်ဖို့ပဲ ပြောနေတယ်၊ နောက်ပြီး ဖုန်းတွေ ဓါတ်ပုံရိုက်ထားလားဆိုပြီး စစ်တယ်၊ ဖြတ်ခွင့်ပေးဖို့တော့ သွားပြောနေကြတာရှိတယ်ပေါ့” လို့ တံတားထိပ်မှာ ပိတ်မိနေတဲ့ ဇရပ်ကြီးမြို့ခံတဦးက ပြောပါတယ်။
 
အခုတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူ အများစုက တောင်ငူမြို့ဘက်က ဘုန်းတော်ကြီးကျောင်း၊ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ တိမ်းရှောင်နေရကြပေမဲ့ ရာချီရှိတဲ့ မြို့ခံတွေက မြို့ထဲမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
တဖက်မှာလည်း ဒီကနေ့ မနက်ပိုင်းက ဇရပ်ကြီးမြို့ဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာနဲ့ လေယာဉ်တွေ ပျံဝဲနေတာကြောင့် မြို့တွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ မြို့တွင်းမှာ ပိတ်မိနေသူတွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
 
ဒါပေမဲ့ ဒီကနေ့ ညနေပိုင်းအထိ မြို့တွင်းမှာ လက်နက်ကြီးပစ်ခတ်မှုမှအပ အပြန်အလှန်ပစ်ခတ်သံတွေ သိမ့်မကြားရသေးဘူးလို့ ဆိုပါတယ်။
 
” စစ်ကြောင်းကလည်း ဝင်လာတာက သေချာတယ်၊ ကိုယ်လည်း ကယ်ထုတ်နိုင်သလောက် လုပ်နေတာ၊ ဘယ်လမ်းကြောင်းကနေ ဝင်လာမှန်းမသိတော့ ကယ်ဆယ်ရေးတချက်နားထားတယ်၊ ပစ်ခတ်ခံတော့ နည်းနည်းပါးပါးကြားရတာရှိတာပေါ့” လို့ မြို့တွင်းမှာ အကူအညီပေးနေသူတဦးက ပြောပါတယ်။
 
ဇရပ်ကြီးမြို့ကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေ စစ်ကောင်စီဘက်က ဘယ်လိုအကူအညီမျိုးပေးနေသလဲဆိုတာနဲ့ ဘာကြောင့် စစ်ရှောင်လာတဲ့ပြည်သူတွေကို တောင်ငူဘက် သွားခွင့်မပြုတဲ့အခြေအနေကို သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်းကြီး ဦးတင်ဦးကို ဖုန်းနဲ့သုံးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
 
ဇရပ်ကြီးမြို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က ပရဟိတကားတွေကို အသုံးပြုပြီး လက်နက်ခဲယမ်းသယ်ဆောင်တာတွေ လုပ်ဆောင်နေတဲ့အတွက် ဖြတ်သန်းခွင့်မပေးတာလို့ စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြထားပါတယ်။
 
ဒါ့အပြင် ဇရပ်ကြီးမြို့မှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က ဒီကနေ့အထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
 
ဇရပ်ကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကပါ အထိအခိုက်အကျဆုံးရှိနေပြီး လေကြောင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ရှစ်ဦးထက်မနည်းသေဆုံးထားသလို အများအပြားထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media