စစ်ကောင်စီ လေကြောင်းရန် ကာကွယ်ရန် မောင်တောရှိ INGO တွေ ပြင်ဆင်

ဖေဖော်ဝါရီ၊ ၉
 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ UN အပါအဝင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ (INGOs) များမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ အဆောက်အဦ ခေါင်မိုးတွေမှာ အမှတ်အသားတွေ ပြုလုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လတ်တလောကာလမှာ စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ကြိုတင်ကာကွယ်ဖို့ INGO နဲ့ NGO တွေက အဖွဲ့အစည်းအမှတ်အသားနဲ့ အလံများကို ခေါင်မိုးများမှာ ပြုလုပ်လွင့်ထူထားတယ်လို့ မောင်တောဒေသခံတဦးက DNA ကိုပြောပါတယ်။
 
” UNဆိုရင်လည်း သူတို့နာမည်လိုဂိုပေါ့။ BAJ (အာရှဂျပန်ပေါင်းကူး)ဆို ဂျပန်အလံပါ လွှင့်ထားတာ ” လို့ သူကဆိုပါတယ်။
 
ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်ရှိ တောင်ပြို (လက်ဝဲ၊ လက်ယာ) နယ်ခြားစောင့်တပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA)က ဖေဖော်ဝါရီလ ၄ ရက်နဲ့ ဖေဖော်ဝါရီ ၆ ရက်တွေမှာ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
 
ဖေဖော်ဝါရီ ၄ ရက်ကတည်းကစလို့ မောင်တောဒေသကို စစ်ကောင်စီဖက်က လေကြောင်းနဲ့ ဆက်တိုက်တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
လတ်တလော အခြေအနေတွေအရ လုံခြုံရေး စိုးရိမ်လို့ မောင်တောအပါအဝင် ရခိုင်ပြည်နယ်က INGO၊ NGO ရုံးတချို့ကို ပိတ်ထားပြီး ဝန်ထမ်းတချို့လည်း ရန်ကုန်ကို ရွှေ့ပြောင်းမှု ရှိတယ်လို့ အဲဒီအသိုင်းအဝန်းက သိရပါတယ်။
 
ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်ညပိုင်းကလည်း မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာနားမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
 
” သေနတ်သံကလည်း တန်ဆောင်တိုင်ကျနေတာပဲ။ လေယာဥ်လည်း ကြောက်ရ။ လိုင်းမရ မီးမရ ဘာမှအဆင်မပြေဘူး ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
ဓာတ်ပုံ – Social Media