အုတ်ဖို တာဆုံစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်ကောင်စီဖက်မှ သုံးဦးသေဆုံး

ဖေဖော်ဝါရီ၊ ၉
 
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးမှာ ရှိတဲ့ အုတ်ဖိုတာဆုံ စစ်ဆေးရေးဂိတ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက် မနက် ၅ နာရီခွဲခန့်က တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး လေးဦးထက်နည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။
 
” သေဆုံးတာက မျက်မြင်လေ၊ အနားကိုက်တရာလောက်ကနေ ဝင်ပစ်တာဆိုတော့၊ ပြီးတော့ ဒဏ်ရာရတာက လေးဦးထက်မကဘူး” လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးသလို DNA အနေနဲ့လည်း သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
 
အင်အား ၂၀ ဝန်းကျင်ခန့် တပ်စွဲထားတဲ့ အုတ်ဖိုတာဆုံ စစ်ဆေးရေးဂိတ်စခန်းကို သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ကျော်ကြာ ဖြစ်ပြီးခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်တယ်လို့ ဆိုပါတယ်။
 
” အဲဒီဂိတ်မှာက ကားတွေကို စစ်ဆေးတာ၊ ပိုက်ဆံတောင်းတာပေါ့၊ ဂိတ်အကြီးပဲ အကုန်ဖမ်းတာ၊ စခန်းပါ အထိုင်ချထားတာ၊ တော်တော်ဆိုးတဲ့ ဂိတ်တခုပါ ” လို့ အဲဒီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
 
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အင်အားအများအပြား ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်ခဲ့သလို အဲဒီနေရာကို လူမှုကူညီရေးအသင်း ကားတွေ ရောက်ရှိလာတာ တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
” လူနာတင်ကား နှစ်စီးတော့ အဲဒီဘက်ကို ဆင်းသွားတာ တွေ့တယ်၊ သိပ်မကြာဘူး ကားတစီးက ပြန်လာတာ၊ ခုလမ်းကို သူတို့ (စစ်သား)စစ်ဆေးနေတာတော့ ရှိတယ် ” လို့ သူက ဒီက​နေ့ နေ့လည်ပိုင်းက ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့ရှိ တိုးဂိတ်စခန်းကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media