မြောက်ခင်ရန်းရွာဖြစ်စဉ်ကို စစ်အုပ်စုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ BACS ထုတ်ဖော်

ဖေဖော်ဝါရီ၊ ၈

လုပ်ကြံထားတဲ့သတင်းအမှားဆိုပြီး စစ်ကောင်စီငြင်းဖို့ကြိုးစားနေတဲ့ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ PDF နှစ်ဦးကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဟာ စစ်အုပ်စုကအမှန်တကယ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ အ ထောက်အထားတွေကို ဗမာ့ရေးရာနဲ့ပဋိပက္ခလေ့လာရေး(BACS)အဖွဲ့က ထုတ်ဖော်လိုက်ပါတယ်။

မြောက်ခင်ရန်းရွာဖြစ်စဉ် ရုပ်သံဖိုင်ထွက်ပေါ်လာတဲ့နောက် စစ်ကောင်စီက အဲ့ဒီဖြစ်စဉ်ဟာ PDF အချင်းချင်း ကျူးလွန်ထားခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

 ဒါပေမယ့် အဲ့ဒီဖြစ်ရပ်ကို စစ်အုပ်စုက ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေဟာ ကနဦးကတည်းက လူမှု ကွန်ရက်မှာ ရှိခဲ့ပြီးသလို တချို့ကိုတော့ ပြန်လည်ဖယ်ရှားထားခဲ့တာလို့ BACS က မှတ်တမ်းတွေနဲ့တကွ ထောက်ပြထားပါတယ်။

 BACS က ထောက်ပြထားတဲ့အချက်တွေမှာ မြောက်ခင်ရန်းရွာတိုက်ပွဲဖြစ်ခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၇ရက်က တည်းက PDF နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီဘက်က မီဒီယာတချို့နဲ့ လူမှုကွန်ရက်တွေမှာ ဖော်ပြ ခဲ့တယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။

 လက်ရှိ မြောက်ခင်ရန်းရွာအရှင်လတ်လတ်သတ်ဖြတ်မှု ရုပ်သံဖိုင်ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က တုံ့ပြန်ရှင်းလင်းချက်မှာတော့ အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေ့ကအရှင်ဖမ်းမိသူမရှိဘူးလို့ လိမ်လည်ထားတာပါ။

ဒါ့အပြင် PDF လူငယ်နှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့နေရာဟာလည်း မြောက်ခင်ရန်းရွာမှာ တကယ်ရှိနေတဲ့နေရာ ဖြစ် ကြောင်း အဲ့ဒီရွာကပျူစောထီးတွေ စစ်ရေးလေ့ကျင့်နေတဲ့ရုပ်သံနဲ့တိုက်ဆိုင်ကာ BACS က ထုတ်ဖော်ပြသ ထား ပါတယ်။

 ဒီအချက်တွေအပါအဝင် မြောက်ခင်ရန်းရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ BACS က ထုတ်ဖော်ထားတဲ့အချက်ခြောက် ချက်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး BACS- Burma Affairs and Conflict Study အဖွဲ့ဟာ ၂၀၂၁ခုနှ စ်အာဏာသိမ်းမှုနောက်ပိုင်း နယ်ပယ်အစုံက လူငယ်တော်လှန်သပိတ်အင်အားစုတွေပူး ပေါင်း ပါဝင်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကိုစောင့်ကြည့်နေတဲ့အဖွဲ့အစည်း တခုဖြစ် ပါတယ်။

#ဆက်လက်ဖော်ပြမယ့်ရေးသားချက်တွေဟာBACSအဖွဲ့ရဲ့ဖော်ပြချက်တွေဖြစ်ပါတယ်

စစ်ကောင်စီသည် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့်ပတ် သက်ပြီး အရေးယူရန်ပင်ဝေးစွ ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း မျက်နှာပြောင်တိုက်စွာ ငြင်းဆို နေသည်။ 

စစ်ကောင်စီအနေဖြင့် မည်သို့ပင် ငြင်းဆိုနေစေကာမူ ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း အထောက်အထားမှတ် တမ်းများသည် အွန်လိုင်း ပလက်ဖောင်းများတွင် ကျန်ရှိနေသည်ကို BACS က လေ့လာတွေ့ရှိခဲ့သည်။

လူမှုကွန်ရက် သက်သေအထောက်အထား (၁)

အခင်းဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ကတည်း ကပင် စစ်ကောင်စီ ၏ ဝါဒဖြန့် လော်ဘီ ချန်နယ် များတွင် PDF ၂ ဦးကို အရှင် ဖမ်းမိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ စစ်ကောင်စီ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့် လူငယ် ၂ ဦး ဓာတ်ပုံပါ ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ဖျက် သွား ခဲ့သည်။

လူမှုကွန်ရက် သက်သေအထောက်အထား (၂)

စစ်ကောင်စီ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့်အကြောင်းအရာနှင့် ပတ်သက်ပြီး ဖျက်ခဲ့သော် လည်း ယင်းအကြောင်းအရာကို ပြန်လည်ကူးယူဖော်ပြသူများကို facebook လူမှုကွန်ရက်တွင် အများအ ပြားတွေ့ရသည်။ အဆိုပါ သတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ သတင်းတွင်ပါရှိသည့် အရှမ်ဖမ်းမိသည့် လူငယ် ၂ ဦးမှာ မီးရှို့သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကိုတွေ့ရသည်။

လူမှုကွန်ရက် သက်သေအထောက်အထား (၃)

စစ်ကောင်စီ လော်ဘီချန်နယ်များ ဖြစ်သည့် “Ko Thet” နှင့် “မဟူရာ မြွေဟောက်” တယ်လီဂရမ်တို့တွင်လည်း မြောက်ခင်ရန်းရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF များနှင့် အတူ ဖမ်းဆီးရမိသူ နှစ်ဦး၏ ဓာတ်ပုံကို ဖော်ပြထားခဲ့သည်၊။  အဆိုပါ သတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ သတင်းတွင်ပါရှိသည့် ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးသည် မီးရှို့သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကို တွေ့ရသည်။

လူမှုကွန်ရက် သက်သေအထောက်အထား (၄)

ဘူးလက်လှဆွေ၏  facebook လူမှုကွန်ရက်စာမျက် တွင် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့က မြောက်ခင်ရန်းတိုက်ပွဲအကြောင်း ရေးသားထားရာ ယင်းအကြောင်းအရာ အောက်တွင် ၎င်းအား ထောက်ခံသူက အရှင်ဖမ်းမိသည့် လူငယ်၂ ဦးပါသည့် ဓာတ်ပုံကို ၂၀၂၃ နိုဝင်ဘာ ၈ တွင် မှတ်ချက်ပေးထားခြင်းဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာသားလည်းဖြစ် မြောက်ခင်ရန်းရွာအတွက် ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့စည်းခြင်း နှင့် လက်နက်တက်ဆင်ခြင်း ဆောင်ရွက်ပေးနေသူဖြစ်သည်။

လူမှုကွန်ရက် သက်သေအထောက်အထား (၅)

စစ်ကောင်စီထောက်ခံသူ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်ဟုယူဆရသူ တဦးက မြောက်ခင်ရန်းရွာတွင် ပျူစောထီး (ပြည်သူ့စစ်) များ စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံဖိုင်တခု တင်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါဖိုင်တွင် တွေ့ရှိရသည့် နေရာသည် YDF ရဲဘော် ၂ ဦး သတ်ဖြတ်ခံရသည့် နေရာနှင့် ထပ်တူကျသည်ကို တွေ့ရသည်။ မြောက်ခင်ရန်း ရွာသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) အားကောင်းသည့်ရွာ ဖြစ်သည်။

လူမှုကွန်ရက် သက်သေအထောက်အထား (၆)

ဖမ်းဆီးခံထားရသည့်  YDF ရဲဘော် ၂ ဦး အနီးတွင် ဘောင်းဘီတို နှင့် စစ်ဖိနပ် ဝတ်ထားသူ တဦးသည် RPG တလက်ကို လွယ်ထားသည်ကိုတွေ့ရပြီး အဆိုပါ RPG တွင်ပါသည့် အနီဝိုင်း၌ အဖြူရောင်ဖြင့် နံပါတ်စာသားများ ရေးထားသည်ကို တွေ့ရသည်။ ယင်းအမှတ်အသားသည် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် တပ်ရင်းဌာန နံပါတ်များကို ရေးသားသည့်ပုံစံဖြစ်ပြီး တပ်ရင်းဌာန အတိအကျကို မသိရသော်လည်း ယင်းဖြစ်ရပ်တွင် စစ်ကောင်စီ တပ်သားများ ပါဝင်ပတ်သတ်နေသည်မှာ ထင်ရှားပေသည်။

တွေ့ရှိရသည့် အထက်ပါ သက်သေ အထောက်အထားများအရ မြောက်ခင်ရန်းကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူမဆန့်သည့် သတ်ဖြတ်မှုကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်မှာ ထင်ရှားသည်။ စစ်ကောင်စီ ထောက်ခံသူ ဝါဒဖြန့် လော်ဘီများကိုယ်တိုင် ချန်ထားခဲ့သည့် ငြင်းမရသည့် သက်သေအထောက်အထားများ ဖြစ်သည်။  မြောက်ခင်ရန်း ကျေးရွာရှိ ပျူစောထီး(ပြည်သူ့စစ်) များကို ကြံခိုင်ရေးအမတ်ဟောင်း ဘူးလတ်လှဆွေက ဖွဲ့စည်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) က အခြေခံစစ်သင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီအနဖြင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး မည်မျှပင် ငြင်းဆိုနေစေကာမူ သက်သေအထောက်အထားများအရ အဆင့်ဆင့် တာဝန်ခံရမည်ဖြစ်သည်။