ဒရုန်းတပ် သီးခြား ထူထောင်သွားမယ်လို့ ယူကရိန်း ကြေညာ

ဖေဖော်ဝါရီ ၊ ၈

ဒရုန်းတိုက်ခိုက်မှုတွေကို သီးသန့် ကိုင်တွယ်မယ့် တပ်တခုကို ထူထောင်ဖို့ ယူကရိန်းက လုပ်ဆောင်နေပါတယ်။

 အဲဒီ ဒရုန်းတပ်ဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေလိုပဲ ပင်မ လက်နက်ကိုင် အင်အားစု တခုအဖြစ် ချဲ့ထွင်ဖို့ထိ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။ အခု အခြေအနေကို ကြည့်ရင် ခေတ်သစ် စစ်ပွဲတွေမှာ ဒရုန်းတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးပါလာနေသလဲ ဆိုတာကို မြင်သာစေပါတယ်။

 အခုသီတင်းပတ်ထဲမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လူမဲ့ စနစ် တိုက်ခိုက်ရေးတပ်ကို ထူထောင်သွားမယ်လို့ တနိုင်ငံလုံးကို လိပ်မူတဲ့ ဗီဒီယို မိန့်ခွန်းမှာ အတည်ပြုသွားခဲ့ပါတယ်။ အဲဒီ တပ်ဟာ တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး၊ သယ်ယူပို့ဆောင်ရေး မစ်ရှင်တွေကို တာဝန်ယူသွားမယ်လို့လည်း ဆိုပါတယ်။

 ရုရှားနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲတလျှောက် လူမဲ့ စစ်သုံးစနစ် ဒရုန်းတွေဟာ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွေမှာ ထိရောက် အားကောင်းတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေခဲ့ကြောင်း၊ အထူးသဖြင့် ပင်လယ်နက်ထဲမှာ ဒရုန်း စစ်ဆင်ရေးတွေကို ဆင်နွှဲပြီး ကြီးမားတဲ့ အလှည့်အပြောင်းတွေကို ဖန်တီးနိုင်ခဲ့ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

 မကြာသေးခင်ကတင် ယူကရိန်းဟာ ရေအောက် ဒရုန်းတွေကို အသုံးပြုပြီး ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ စစ်သင်္ဘော တစီးကို ဖောက်ခွဲနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

 အမေရိကန်၊ အစ္စရေးနဲ့ တချို့နိုင်ငံတွေဟာ ဒရုန်းတွေကို တိုက်ခိုက်ရေး ကဏ္ဍမှာ ဆယ်စုနှစ်တွေနဲ့ချီ အသုံးပြုနှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ ကြည်းတပ်၊ လေတပ်နဲ့ ထောက်လှမ်းရေးဆိုင်ရာ ဒရုန်း ဌာနခွဲတွေကို သီးခြား ဖွဲ့စည်းထားစေပါတယ်။

 ဒါပေမဲ့ ရုရှား-ယူကရိန်း စစ်ပွဲကတော့ ဒရုန်းတွေရဲ့ စစ်မြေပြင် အရေးပါမှုကို ဘယ်တုန်းကမှနဲ့ မတူညီတဲ့ အဆင့်တခုဆီ ဆွဲတင်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံတကာ လက်နက်ပါရဂူတွေက သုံးသပ်ထားကြပါတယ်။  

 Ref: NBC