အီရတ် ပိုင်နက်ထဲမှာ အမေရိကန်က ဒရုန်းနဲ့တိုက်ခိုက်လို့ အီရန်မဟာမိတ် ပြည်သူ့စစ် ခေါင်းဆောင်သေဆုံး

ဖေဖော်ဝါရီ ၊ ၈

အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှု တခုကြောင့် အီရန် မဟာမိတ် ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင်တဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၇ ရက်နေ့၊ ဘဂ္ဂဒက်မြို့နားမှာ ပြုလုပ်တဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ခါတိုင်ဘ် ဟက်ဇ်ဘိုလာ အဖွဲ့ခေါင်းဆောင် ဝီဆမ် မိုဟာမက် ဆာဘား အယ်လ်ဆာဒီဟာ အရှေ့အလယ်ပိုင်း ဒေသထဲမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား ရန်လိုတဲ့ စစ်ခေါင်းဆောင် တယောက်လို့ ပြောကြားခဲ့ပါတယ်။

 ဖေဖော်ဝါရီ ၇ ရက်နေ့ ဖြစ်စဉ်မှာတော့ ဘဂ္ဂဒက်မှာ မောင်းနှင်လာတဲ့ ကားတစီးဟာ ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီး အယ်လ်ဆာဒီ သေဆုံးသွားတယ်လို့ အမေရိကန်ရဲ့ စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ကြေညာပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ဘေးထွက် ထိခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှုတွေ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

 အမေရိကန် နိုင်ငံသားတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ဘယ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို လက်တုံ့ပြန်ဖို့ အမေရိကန်က တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့လည်း CENTCOMက သတိပေးသွားခဲ့ပါတယ်။

 ဘဂ္ဂဒက် ရဲတပ်ဖွဲ့ကတော့ ရှီးဟိုက် မွတ်ဆလင် အများစု နေထိုင်ရာ အယ်လ်မက်ရှ်တဲလ် ရပ်ကွက်ထဲမှာ SUV ကားတစီးကို တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

 ဆီးရီးယားနဲ့ ဂျော်ဒန် နယ်စပ်နားမှာ ဒရုန်းတိုက်ခိုက်မှု တခုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အမေရိကန်ဟာ အီရတ်နဲ့ ဆီးရီးယား ပိုင်နက်ထဲက အီရန် မဟာမိတ် ပြည်သူ့စစ်တွေနဲ့ လက်နက်ကိုင် စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်နေချိန်မှာ အခု စစ်ဆင်ရေးကိုပါ အကောင်အထည် ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

 Ref: CNN