ဖေဖော်ဝါရီ ၊ ၈
မီးခြစ်ဆံတွေနဲ့ အနုစိတ် ပုံဖော် တည်ဆောက်ထားတဲ့ အိုင်ဖယ်လ် မျှော်စင် ပုံတူနဲ့အတူ ကမ္ဘာ့စံချိန်သစ် တင်ချင်တဲ့ ပြင်သစ် နိုင်ငံသား တဦးရဲ့ အိပ်မက်တွေ ရေစုန်မျောသွားခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ မှားယွင်းတဲ့ မီးခြစ်ဆံတွေကို အသုံးပြုမိခဲ့လို့ပါပဲ။
ပြင်သစ် အနောက်ပိုင်း၊ မွန့်ပယ်လီယေးမှာ နေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ် ရစ်ချတ် ပလော့ဒ်ဟာ ပါရီမြို့တော်မှာ တည်ရှိပြီး ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် တခုလို့ တင်စားခံရတဲ့ မျှော်စင်ကြီးရဲ့ ၂၃ ပေ အမြင့်ရှိတဲ့ ပုံစံတူကို မီးခြစ်ဆံ အချောင်းလေးတွေနဲ့ စိတ်ရှည်လက်ရှည် တည်ဆောက်ခဲ့ပါတယ်။
သူက မီးခြစ်ဆံတွေ အသုံးပြု ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး အိုင်ဖယ်လ် ပုံတူအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းမှာ ဖော်ပြခွင့်ရဖို့ အကြီးအကျယ် မျှော်လင့်ခဲ့ပေမယ့် ဂင်းနစ်ဖက်က အကြောင်းပြန်လာတာကတော့ ပလော့ဒ် တည်ဆောက်ထားတဲ့ ပုံတူမှာ မှားယွင်းတဲ့ မီးခြစ်ဆံ အမျိုးအစားကို သုံးထားလို့ အသိအမှတ် မပြုနိုင်ဘူး ဆိုတာပါပဲ။
သူ့ရဲ့ အိပ်မက် အကြီးကြီးကနေ ရုတ်တရက် လှုပ်နှိုးခံလိုက်ရသလိုပဲလို့ ပလော့ဒ်က စိတ်ပျက်လက်ပျက် ညည်းညူသွားပါတယ်။
သူဟာ မျှော်စင် ပုံတူရဲ့ နောက်ဆုံး မီးခြစ်ဆံ အစိတ်အပိုင်းကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကော်ကပ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ အိုင်ဖယ်လ် မျှော်စင် တည်ဆောက်မှုရဲ့ အဓိက ပဲ့ကိုင်ရှင် အင်ဂျင်နီယာ ဂူစတက်ဗ် အိုင်ဖယ်လ် ကွယ်လွန်မှု နှစ် ၁၀၀ တိတိပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။
ပလော့ဒ်က သူဟာ အိုင်ဖယ် မျှော်စင် ပုံတူကို တည်ဆောက်ဖို့ ၈ နှစ် အချိန်ယူခဲ့ရပြီး မီးခြစ်ဆံ ၇၀၆၉၀၀ ချောင်း၊ ကော်ပမာဏ ၂၃ ကီလိုဂရမ် သုံးစွဲခဲ့ရကြောင်း ရှင်းပြပါတယ်။
ဒါပေမဲ့ ဂင်းနစ်ရဲ့ အဆိုအရ ကမ္ဘာ့စံချိန်မှာ အသိအမှတ် ပြုခံရဖို့အတွက် စျေးကွက်ထဲမှာ တရားဝင် ခွင့်ပြုချက်နဲ့ မီးခြစ်ဆံ အမျိုးအစားတွေကို အသုံးပြုဖို့ လိုတယ်လို့ သိရပါတယ်။ သူသုံးထားတဲ့ မီးခြစ်ဆံတွေက စျေးကွက်ထဲမှာ ရောင်းတမ်းအဆင့် ထုတ်လုပ်ထားတာမျိုး မဟုတ်လို့ ကမ္ဘာ့စံချိန်အတွက် အသိအမှတ် မပြုနိုင်ပါဘူးလို့ ဂင်းနစ်က အကြောင်းပြန်ခဲ့ကြောင်း ပလော့ဒ်က ပြောကြားသွားပါတယ်။
ကမ္ဘာ့စံချိန်နဲ့ လွဲခဲ့ပေမယ့်လည်း သူအားထုတ်ထားတဲ့ လက်ရာကို ဇူလိုင်လကျရင် စတင်မယ့် ပါရီ အိုလံပစ်မှာ ခင်းကျင်းပြသနိုင်ဖို့တော့ ပလော့ဒ်က မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။
မီးခြစ်ဆံနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့စံချိန်တင် အမြင့်ဆုံး အိုင်ဖယ်လ် မျှော်စင်ကို ဖန်တီးသူကတော့ လက်ဘနွန် နိုင်ငံသား တူဖစ် ဒေဟာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြီးသတ်ခဲ့တဲ့ သူ့ရဲ့ လက်ရာဟာ ၂၁ ပေခွဲနီးပါး မြင့်မားပါတယ်။
Ref: BBC