ဇရပ်ကြီးတိုက်ပွဲ စစ်ကောင်စီရဲ့ အရေးပါတပ်စခန်းများကို သိမ်းပိုက်နိုင်

ဖေဖော်ဝါရီ၊ ၇

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်အစောပိုင်းက စစ်ကောင်စီအခြေစိုက်ရာ တပ်ရင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စခန်းတချို့ကို သိမ်းပိုက်ရရှိထားပြီလို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲ မှူးရဲဘော်တင်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အဓိက ကျတဲ့ စခန်းတွေကိုတော့ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်၊ အပြီးသတ် ရှင်းလင်းရေးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်”လို့ သူက DNAကိုပြောပါတယ်။

ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ ခလရ (၇၃)၊ ရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းအပါအဝင် စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ စခန်းတွေကို ဒီကနေ့  မနက် ၃ နာရီက KNLAဦးဆောင်တဲ့​တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲ​ဖြစ်ပွား​​နေချိန်မှာစစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ်ပစ်ကူပေးနေပေမဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့ စခန်းတချို့ကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ သိမ်းပိုက်ရရှိထားတဲ့စခန်းတွေကို နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေသလို တခြားစခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ စစ်ရေးဖော်ဆောင်နေတဲ့အတွက် တိုက်ပွဲက ဒီကနေ့ ညနေ လေးနာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အခုဖြစ်နေတဲ့ တိုက်ပွဲက စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ထန်းတပင်မြို့နယ်ကို အဓိက စိုးမိုးထိန်းချုပ်ထားတဲ့ ခလရ – ၇၃ ကို အဓိကထားတိုက်ခိုက်တာ၊ တိုက်ပွဲက ဖြစ်ပွားနေဆဲပဲ” လို့ ရဲဘော်တင်ဦးက ပြောပါတယ်။

ဇရပ်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၇၃ ဟာ ညောင်လေးပင်နဲ့ ဖာပွန်ခရိုင်အတွင်းမှာ အဓိက လှုပ်ရှားနေတဲ့ တပ်ရင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

ထန်းတပင်မြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၂ ထိန်းချုပ်နယ်မြေမှာ တည်ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ပိုင်းတိုင်းစစ်ဒေသလှုပ်ရှားနယ်မြေတခုလည်း ဖြစ်ပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကို အဓိက အသုံးပြုနေပြီး အရပ်သားတချို့ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသူများရှိနေပေမဲ့ အများစုက နေအိမ်ထဲမှာ ပိတ်မိနေကြတယ်လို့ ဒေသတွင်း စစ်ရှောင်အရေးအကူအညီပေးနေသူတွေထံမှ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက် သေဆုံးတာတွေ ရှိနေသလို နေအိမ်အဆောက်အဦအများအပြားလည်း ထိခိုက်ပျက်စီးတာ ရှိတယ်လို့ ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမူနဲ့ပတ်သတ်လို့ အတိအကျမသိရသေးပေမယ့်သေဆုံးသူအနည်းဆုံးလေးဦးနဲ့အထက် ရှိနိုင်ပြီး ထပ်မံတိုးလာနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

“လေယာဉ်က ခုထိ ဝဲပြီး ပစ်နေတုန်း၊ စခန်းကျသွားပြီးကတည်းက ပိုပစ်တာ၊ ထွက်ပြေးတဲ့သူက ပြေးတာပေါ့၊ မြို့ထဲမှာ ပိတ်မိနေသူတွေ ထွက်မရဘူးပေါ့၊ သေဆုံးတာတွေ ရှိတယ်၊ ပစ်ခတ်မှုက ရှိနေတော့ ဘယ်သူဘယ်ဝါသေလဲတော့ သေချာမသိရသေးဘူး” လို့ ဒေသတွင်း စစ်ရှောင်အကူအညီပေးနေသူတဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ဆင်ရေးဖော်ဆောင်တဲ့အခါမှာ အရပ်သားထိခိုက်မှု မရှိအောင် ဂရုတစိုက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး တိုက်ပွဲအတွင်းပိတ်မိနေတဲ့သူတွေကို ကူညီကယ်ဆယ်ပေးနေတာ ရှိတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေကို တက်နိုင်သလောက် တိုက်ပွဲကြားကနေ ကယ်ဆယ်ပေးနေတာ ရှိတယ်” လို့ ရဲဘော်တင်ဦးက  ဆက်ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မြေပြင်ကနေ စစ်ကူမရောက်ရှိလာဖို့ ကျွဲဘွဲ – ဇရပ်ကြီးလမ်း၊ မြို့စိုးရွာအနီးရှိ စစ်တောင်းမြစ်အရှေ့နဲ့အနောက်ကို အဓိကဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး)ကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ဘက်က ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်တဦးကျဆုံးကာ ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီဘက်ကလည်း အထိအခိုက်အကျအဆုံးများတယ်လို့ ရှေ့တန်းရဲဘော်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက DNA ကို ပြောပါတယ်။

အခုစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါပေမယ့် အခုဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို တော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန်ထားခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းတစုံတရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပုံစာ-ဇရပ်ကြီးမြို့တွင်းမှာတွေ့ရတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့