ဝေါမြို့နယ်မှာ အရပ်သားဆယ်ဦးကျော် ဖမ်းဆီးခံရ

ဖေဖော်ဝါရီ၊ ၇
 
ပဲခူးတိုင်း၊ ဝေါမြို့နယ် အရှေ့ခြမ်း ကျေးရွာတွေဘက်ကို ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ဒေသခံအရပ်သား ဆယ့်ငါးဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရတဲ့သူတစ်ဦးနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
“ဒီတိုင်း အိမ်စီးကားနဲ့ ဝင်လာတယ်၊ စစ်ဆေးစရာရှိတယ်လို့ ပြောပြီး ရွာသားတွေကို ခေါ်သွားတာ၊ တရွာဝင်တရွာထွက်ပဲ နာမည်စာရင်း အတိအကျနဲ့ လာခေါ်သွားတာ” လို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်ကDNA ကို ပြောပါတယ်။
 
ဝေါမြို့နယ် အရှေ့ဘက်ခြမ်းက ပုဂံကျေးရွာ၊ အောက်ကွေ့ကြီးကျေးရွာ၊ ဖိုးဦးစိန်ကျေးရွာ၊ ဆပ်သွားကုန်းကျေးရွာ၊ အုတ်ဖိုကျေးရွာ ဘက်ကို ဒီကနေ့ မနက် ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
 
ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ ရပ်ကျေးအလုပ်အမှုဆောင်တွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
 
အခုစစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ကျေးရွာတွေဟာ တရွာနဲ့တရွာ ရွာချင်းကပ်တွေ ဖြစ်ကြပြီး တချို့ကျေးရွာကို ဖေဖော်ဝါရီလ ၆ ရက် ညနက်ပိုင်းကတည်းက ဝင်ရောက်ဖမ်းဆီးတာ ရှိတယ်လို့ ဆိုပါတယ်။
 
” အိမ်မှာ ဝင်ခေါ်တယ်၊ ပြီးတော့ ပုဂံကျေးရွာမှာ သူတို့ စုရပ်လုပ်ထားတယ်၊ အဲဒီကနေ စစ်ကြောရေးတခုကို ခေါ်သွားဖို့ လုပ်နေတုန်းမှာ တယောက်နှစ်ယောက်ကို ပြန်လွှတ်လိုက်တာရှိတယ် ” လို့ အဲဒီ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်က ပြောပါတယ်။
 
လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေကို ဝေါမြို့နယ် ဘောနပ်ကြီးကျေးရွာမှာ ရှိတဲ့ အမြောက်တပ် စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေက ဘာကြောင့် အခုလို ဖမ်းဆီးသွားတာကို မသိရသေးသလို ဖမ်းဆီးခံထားရတဲ့သူတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။
 
” အခုကြားတာက ပါတီဝင်ဟောင်းတွေပေါ့ဗျာ၊ အခုက သူတို့က နိုင်ငံရေးနဲ့ပတ်သက်မှု မရှိတော့တဲ့သူတွေပေါ့၊ ဘယ်သူက တိုင်လို့ ဖမ်းတာလဲတော့ မသိဘူး၊ နောက်ပြီး အရင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေရဲ့ ဆွေမျိုးသားချင်းတွေလည်း ပါတယ်ကြားတယ် ” လို့ ဝေါမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ပဲခူးတိုင်းက မြို့နယ်တချို့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေ မကြာခဏဖမ်းဆီးခံနေရပြီး တချို့ဆို စစ်ကြောရေးမှာ ညှင်းပန်းနှိက်စက်ခံရကာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ဝေါမြို့နယ် ပုဂံကျေးရွာမှာလည်း လွန်ခဲ့တဲ့ တပတ်ကျော်က အရပ်သားတချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တာရှိပြီး အများစုကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော်ဝါရီလ ၆ ရက်အထိ နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသူ (၂၅၉၈၇) ဦးရှိပြီး အဲဒီထဲက ၂၀၀၄၇ ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈၇၅၂ ဦးက ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
 
” ဒီဘက်မှာက ကြမ်းတယ်၊ ဖမ်းခံရရင် အဆက်အသွယ်ရဖို့က ခက်တယ်၊ အခန့်မသင့် စစ်ကြောရေးမှာ သေဆုံးရင်တောင် အလောင်းမရတာတွေ ရှိတယ်၊ တချို့တော့ စခန်းဘက်သွားပြီး မေးနေကြတာတော့ ရှိတာပေါ့ စိုးရိမ်တာကို ” လို့ ဖမ်းဆီးခံရတဲ့တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
 
ပုံစာ – AAPP ကကောက်ယူထားသော ဇန်နဝါရီလကုန်အထိ ဖမ်းဆီးခံရသူအရေအတွက်